Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ ပျံသန်းနေသည့် မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို ခရီးစဉ်များကို ကျပ်လေးသောင်း မှစတင်၍ ဝယ်ယူနိုင်မည်

Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ ပျံသန်းနေသည့် မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို ခရီးစဉ်များကို ကျပ်လေးသောင်း မှစတင်၍ ဝယ်ယူနိုင်မည်
MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
Published 8 June 2021

Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ ပျံသန်းနေသည့် မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇွန်  ၈ ရက်မှစတင်ကာ အထူးစျေးနှုန်း လေးသောင်းကျပ်မှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် အဆိုပါ အထူးစျေးနှုန်းဖြင့် Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ Embraer E 190 ဖြင့် ပြေးဆွဲမည့် ခရီးစဉ်များကိုလည်း ဝယ်ယူစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် Air KBZ နှင့် MAI ပြည်တွင်းခရီးစဉ်လက်မှတ်များတွင် မြန်မာကျပ် ၁၀ သိန်းအထိ တန်ကြေးရှိသော အခြေခံခရီးသွားအာမခံကို AYA SOMPO အာမခံလုပ်ငန်းနှင့် သီးသန့်လက်တွဲပူးပေါင်းမှုဖြင့် အာမခံလုပ်ငန်းနှင့် သီးသန့်လက်တွဲ ပူးပေါင်းမှုဖြင့် အာမခံ ထားရှိပေးထားပြီး ဖြစ်ကြောင်း သိရသည်။

Air KBZ လေကြောင်းလိုင်းက ပျံသန်းနေသည့် စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ်ခရီးစဉ်များကို ကျပ်လေးသောင်းမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါခရီးစဉ်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၁ ရက်အထိ အထူးစျေးနှုန်း လေးသောင်းကျပ်မှ စတင်ကာ ဝယ်ယူစီးနင်းနိုင်မည်ဖြစ်ပြီး အဆိုပါအထူးစျေးနှုန်းဖြင့် Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲမည့် ခရီးစဉ်များကိုလည်း ဝယ်ယူနိုင်မည်ဟု သိရသည်။

ယင်းပြင် Air KBZ လေကြောင်းလိုင်းသည် ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၇၀၀၀၀ ဖြင့် လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၄၅၀၀၀ ဖြင့်လည်းကောင်း၊ ဟဲဟိုး-နေပြည်တော်ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၄၅၀၀၀ ဖြင့်လည်းကောင်း ပျံသန်းသွားမည်ဟု သိရသည်။

COVID-19 ပိုးတွေ့လူနာပြန်လည် များပြားလာခြင်းကြောင့် ပြည်တွင်းလေကြောင်းလိုင်းအချို့ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ် စသည့် မြို့များသို့ ခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမြို့ကြီးအချို့တွင် COVID-19 ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး မေ ၂၇ ရက် ည ၈ နာရီမှ မေ ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁၂၃၀ ခု စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြုလူနာ ၇၂ ဦးတွေ့ရှိခဲ့ကြောင်း  မေ ၂၈ ရက် ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ လောလောဆယ်တော့ ရောဂါဖြစ်ပွားမှုများတဲ့ မြို့နဲ့ Domestic Flight တွေကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ကလေးတို့ ခန္တီး၊ ထားဝယ်တို့ကို မေ ၂၉ ရက်ကစပြီး ခရီးစဉ်ပျံသန်းမှုရပ်ထားတာပါ” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MAI နှင့် Air KBZ ပြည်တွင်း လေကြောင်းလိုင်းများက COVID-19 ရောဂါကြောင့် ၎င်းတို့ လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစသည့် မြို့များသို့ လေကြောင်းခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းမြို့များသို့ လေကြောင်းခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းသည့် ကာလမှာ မေ ၂၉ မှ ဇွန် ၈ ရက်ထိဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ အာဆီယံနိုင်ငံအများစုတွင် COVID-19 ထပ်တိုးလူနာသစ် ပြန်လည်မြင့်တက်လာပြီး မေ ၂၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၃၉ သိန်းကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

မေ ၂၇ ရက်အထိ အာဆီယံနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇၉၇၄၉၉၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၂၀၀၄၃၀၊ မလေးရှားနိုင်ငံတွင် ၅၄၁၂၂၄ ဦး၊ မြန်မာနိုင်ငံတွင် ၁၄၃၄၁၄ ဦး၊ ထိုင်းနိုင်ငံ တွင် ၁၄၁၂၁၇ ဦး ၊ စင်ကာပူနိုင်ငံတွင် ၆၁၉၄၀၊ ကမ္ဘောဒီးယားတွင်၂၇၆၃၈ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၆၃၁၄ ဦး၊ လာအိုနိုင်ငံတွင် ၁၈၉၅ ဦး၊ ဘရူနိုင်းနိုင်ငံတွင် ၂၄၀ ရှိကြောင်း သိရသည်။

Most Read

Most Recent