ကမ္ဘာ့ထိပ်တန်းဘဏ်ဓားပြများ (သို့မဟုတ်) မြောက်ကိုရီးယား၏ ဟက်ကာတပ်

ကမ္ဘာ့ထိပ်တန်းဘဏ်ဓားပြများ (သို့မဟုတ်) မြောက်ကိုရီးယား၏ ဟက်ကာတပ်
Photo:Forbes
Photo:Forbes
Published 3 June 2021
ခိုင်

နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားသည် ဆိုက်ဘာစစ်ပွဲ၏ရှေ့တန်းသို့ တက်လှမ်းနေပြီး ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ဒေါ်လာဘီလျံပေါင်းများစွာကို ခိုးယူခြင်းနှင့် ၎င်း၏ပိတ်ပင်ခံထားရသော နျူကလီးယားလက်နက်အစီအစဉ်များထက် ဆိုက်ဘာတိုက်ခိုက်မှုက ပိုမိုအန္တရာယ်ရှိသည်ကို ရှင်းရှင်းလင်းလင်းပြသနေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်လက်ထက်တွင် အလျင်အမြန်တိုးတက်ခဲ့သော နိုင်ငံ၏ ပဲ့ထိန်းဒုံးအစီအစဉ်များနှင့် အဏုမြူဗုံးအစီအစဉ်များကြောင့် နိုင်ငံတကာအသိုက်အဝန်းက မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ထားသည်။

သို့ရာတွင် တစ်ကမ္ဘာလုံးက မြောက်ကိုရီးယား၏ နျူကလီးယားရည်မှန်းချက်များအပေါ် အာရုံစိုက်နေကြချိန်၌ မြောက်ကိုရီးယားသည် ၎င်း၏ဆိုက်ဘာစွမ်းဆောင်ရည်များကို တဖြည်းဖြည်းချင်း တိတ်တဆိတ် တည်ဆောက်နေခဲ့သည်။ ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးထားသော ဟက်ကာထောင်နှင့်ချီ ပါဝင်သည့် မြောက်ကိုရီးယား၏ ဆိုက်ဘာတပ်ကို အန္တရာယ်ရှိသည့်အဖွဲ့အဖြစ် သက်သေပြနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားကြသည်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ စစ်တပ်အစီအစဉ်တွေက ရေရှည်ခြိမ်းခြောက်မှုတွေပါ။ ဒါပေမဲ့ သူ့ရဲ့ဆိုက်ဘာ ခြိမ်းခြောက်မှုတွေက ရုတ်တရက်ဆိုသလို၊ လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်” ဟု ဆိုးလ်ရှိ အမျိုးသားလုံခြုံရေး မဟာဗျူဟာဌာနမှ သုတေသီ အိုအီဆော့က ဆိုသည်။

ခေါင်းဆောင်ကင်ကို သရော်ထားသည့် ရုပ်ရှင် The Interview ကို ဖန်တီးထုတ်လုပ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် Sony Pictures Entertainment ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် မြောက်ကိုရီးယား စွပ်စွဲခံရချိန် ၂၀၁၄ ခုနှစ်သည် ပြုံယမ်း၏ ဆိုက်ဘာစစ်ပွဲ စွမ်းရည်များကို တစ်ကမ္ဘာလုံးက ပထမဆုံးအကြိမ် စတင်ရိပ်စားမိလာခဲ့သည့် ကာလဖြစ်သည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်ခံရမှု၏ ရလဒ်အနေဖြင့် Sony Pictures မှ မထုတ်လွှင့်ရသေးသည့် ရုပ်ရှင်ဇာတ်ကားအများအပြားမှာ အွန်လိုင်းထက်သို့ ရောက်ရှိလာခဲ့ပြီး လျှို့ဝှက်အချက်အလက်အများအပြား ပေါက်ကြားခဲ့သည်။

ယင်းဖြစ်ရပ်နောက်ပိုင်း ဒေါ်လာ ၈၁ သန်း ခိုးယူခံရသည့် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ဓားပြတိုက်ခံရမှု၊ နိုင်ငံပေါင်း ၁၅၀ ရှိ ကွန်ပျူတာအလုံးရေ ၃၀၀,၀၀၀ ခန့် တိုက်ခိုက်ခံရသည့် ၂၀၁၇ ခုနှစ် WannaCry ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် အပါအဝင် ထိခိုက်မှုကြီးကြီးမားမားဖြစ်ပွားသော ဆိုက်ဘာတိုက်ခိုက်ခံရမှုအများစုအတွက် မြောက်ကိုရီးယားကို အပြစ်တင်ခဲ့ကြသည်။

WannaCry ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်၏စွပ်စွဲချက််များကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး ထိုစွပ်စွဲချက်များသည် အဓိပ္ပါယ်မဲ့ကြောင်းနှင့် ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ထိုအချိန်က ကြေညာခဲ့သည်။

သို့သော် ဖေဖော်ဝါရီလတွင် အမေရိကန်တရားရေးဌာနက ထိခိုက်ပျက်စီးမှု ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ရန် ရာဇဝတ်မှုမြောက်သော လျှို့ဝှက်ကြံစည်မှုအတွင်း ပူးပေါင်းပါဝင်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံသားသုံးဦးကို တရားစွဲဆိုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်က ထုတ်ပြန်သော နှစ်စဉ်ခြိမ်းခြောက်မှုအန္တရာယ် ချင့်တွက်အကဲဖြတ်မှု အစီရင်ခံစာထဲတွင် အမေရိကန်နိုင်ငံတစ်ဝန်းရှိ အရေးပါသော အခြေခံအဆောက်အအုံကွန်ရက်များကို အကန့်အသတ်ဖြင့် ယာယီနှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ရန် နည်းပညာပိုင်းကျွမ်းကျင်မှုများကို မြောက်ကိုရီးယားက ပိုင်ဆိုင်ထားနိုင်ဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက ဝန်ခံထားသည်။

အမျိုးသားထောက်လှမ်းရေးဌာန၏ ညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်သော စာရွက်စာတမ်းများတွင် မြောက်ကိုရီးယားသည် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အွန်လိုင်း ငွေကြေးလဲလှယ်မှုများမှ ဒေါ်လာသန်းရာပေါင်းများစွာကို ခိုးယူခဲ့ပြီး ထိုခိုးယူငွေများသည် နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များကဲ့သို့သော မြောက်ကိုရီးယားအစိုးရ၏ ဦးစားပေးလုပ်ငန်းများတွင် ထောက်ပံ့ရန်အတွက် ခိုးယူခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း စွပ်စွဲထားသည်။

အကောင်းဆုံး ခုခံကာကွယ်မှု

၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းကတည်းက မြောက်ကိုရီးယား၏ ဆိုက်ဘာအစီအစဉ် စတင်နေပြီး ထိုအချိန်က မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သော ကင်ဂျုံအီက အနာဂတ်နှစ်များအတွင်း ဖြစ်ပွားသော စစ်ပွဲများအားလုံးသည် ကွန်ပျူတာစစ်ပွဲများ ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် Beureau 121 ဟု အသိများသည့် မြောက်ကိုရီးယားစစ်ဘက် လျှို့ဝှက်ဆိုက်ဘာအေဂျင်စီတွင် ကျွမ်းကျင်ဟက်ကာ ၆,၀၀၀ ရှိပြီး ထိုအဖွဲ့သည် ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့်ရုရှား အပါအဝင် နိုင်ငံအများအပြားမှနေ၍ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက ထုတ်ပြန်သော အမေရိကန်စစ်တပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးသည် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများထံမှ အွန်လိုင်းငွေကြေး ဒေါ်လာ ၁.၃ ဘီလျံကို ခိုးယူခဲ့ကြောင်း အမေရိကန်က ဖေဖော်ဝါရီလတွင် စွပ်စွဲခဲ့သည်။

“Beureau 121 အဖွဲ့က အတွေ့အကြုံ အလွန်များတယ်။ နည်းပညာမြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့အဖွဲ့ ဖြစ်ပါတယ်” ဟု Crow Strike ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ Scott Jarkoff က ပြောကြားခဲ့သည်။

“Beureau 121 ဝန်ထမ်းတွေက ကုဒ်ဘာသာစကားအမျိုးမျိုးနဲ့ လုပ်ငန်းလည်ပတ်မှုစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားကြသူတွေပါ” ဟု Beureau 121 တွင် လေ့လာသင်ယူခဲ့ဖူးသူ မြောက်ကိုရီးယားပြည်ပြေး ဂျန်ဆယ်ယူက ဆိုသည်။

Automation တက္ကသိုလ်တွင် ပညာသင်ကြားပြီးသူများကို Beureau 121 တွင် အလုပ်ခန့်ခြင်းဖြစ်ကာ မြောက်ကိုရီးယားနိုင်ငံ၏ အမှတ်အမြင့်ဆုံးကျောင်းသားများထဲမှ အယောက် ၁၀၀ ကိုသာ ယင်းတက္ကသိုလ်က ခေါ်ယူခြင်းဖြစ်သည်။

“အမေရိကန်ရဲ့ ဆိုက်ဘာစစ်ပွဲစွမ်းဆောင်ရည်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်အောင်လို့ ကျွန်တော်တို့တွေ ပြင်ဆင်သင်ယူထား ရပါတယ်။ နောက်ဆုံးမှာတော့ ရန်သူရဲ့ လုပ်ငန်းလည်ပတ်မှုစနစ်ကို တိုက်ခိုက်ခြင်းဟာ အကောင်းဆုံးခုခံကာကွယ်မှု ဖြစ်တယ်ဆိုတာ သိပြီးတဲ့နောက် ကျွန်တော်တို့တွေက ကိုယ်ပိုင်ဆိုက်ဘာတိုက်ခိုက်မှု အစီအစဉ်တွေ တည်ဆောက်ကြရပါတယ်” ဟု ဂျန်က ပြောကြားခဲ့သည်။

ကီးဘုတ်ပေါ်မှ သေနတ်များ

မြောက်ကိုရီးယားအစိုးရက ၎င်းထောက်ပံ့ထားသည့် ဟက်ကာအဖွဲ့များကို သူလျှိုလုပ်ခိုင်းရန် ရည်ရွယ်ချက်များအတွက် အဓိကအသုံးပြုခြင်း ဖြစ်သော်လည်း ကျွမ်းကျင်ပညာရှင်များကမူ မြောက်ကိုရီးယားသည် ဘဏ္ဍာရေးအကျိူးအမြတ်အတွက် ၎င်း၏ဆိုက်ဘာစွမ်းဆောင်ရည်ကို ထူးထူးခြားခြား တိုးမြှင့်နေခြင်းဖြစ်သည်ဟု ပြောကြားထားကြသည်။

“ဆိုက်ဘာစစ်ပွဲက ဆင်းရဲပြီးသေးငယ်တဲ့နိုင်ငံ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံအတွက် အထူးနှစ်သက်စရာနည်းလမ်း ဖြစ်နေပါတယ်။ အဲ့နည်းလမ်းက လေယာဉ်၊ ရေနံတင်သင်္ဘောနဲ့ အခြားသောနည်းပညာမြင့် လက်နက်စနစ်တွေနည်းတူ အင်အားသာနေတယ်။ လုပ်ငန်းလုပ်ကိုင်ရခြင်းထက် ခိုးယူခြင်းက ပိုပြီးလွယ်ကူတယ်။ ပိုပြီးလည်း အကျိုးအမြတ်များတယ်။ အထူးသဖြင့် သင့်ဆီမှာ ဟက်ကာစွမ်းရည် ရှိနေရင်ပေါ့” ဟု Stimson Center မှ သုတေသီတစ်ဦးဖြစ်သူ မာတင်ဝီလီယံက ဆိုသည်။