MAI က စင်ကာပူနှင့် ကိုလ်ကတ္တားခရီးစဉ်များပျံသန်းခြင်းအား ဇွန် ၃၀ ရက်အထိရပ်ဆိုင်းပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်

MAI က စင်ကာပူနှင့် ကိုလ်ကတ္တားခရီးစဉ်များပျံသန်းခြင်းအား ဇွန် ၃၀ ရက်အထိရပ်ဆိုင်းပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်
MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
Published 2 June 2021
ရွှန်းလဲ့ဝင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကိုလ်ကတ္တားခရီးစဉ်များ ပျံသန်းခြင်းအား ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပြီး ကွာလာလမ်ပူနှင့် ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏လေကြောင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည်ဖြစ်သည်။

ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာ ရရှိမှုပေါ် မူတည်၍ အခမဲ့ပြောင်းရွှေ့ခွင့် ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို Rebooking date ပြုလုပ်ခြင်းနှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၁ခုနှစ် သြဂုတ် ၃၁ ရက် နောက်ဆုံးထား အကြောင်းကြားပေးရန် အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းပြင် ပြန်အမ်းငွေထုတ်ပေးခြင်းမရှိသည့် Non-refundable လက်မှတ်များအတွက် Travel Vocher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်ပြီး အဆိုပါ Travel Vocher အနေဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်အထိ ဆက်လက်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များပြေးဆွဲခွင့်ကာလအား ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း သိရသည်။

Most Read

Most Recent