မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် BGFနှင့် ခွဲထွက် (DKBA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့တိမ်းရှောင်နေရပြီး ဖလူး-ကျောက်ခက်-ဝေါ်လေလမ်းကို ပိတ်ထား

မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် BGFနှင့် ခွဲထွက် (DKBA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့တိမ်းရှောင်နေရပြီး ဖလူး-ကျောက်ခက်-ဝေါ်လေလမ်းကို ပိတ်ထား
Published 1 June 2021

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီအချိန်က နယ်ခြားစောင့်တပ် (BGF) နှင့် ခွဲထွက် (DKBA) အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU Department of Information ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မေ ၃၁ ရက်က ဝေါလေမြို့မှ မြဝတီမြို့သို့ လစာလာထုတ်သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ခွဲထွက် (DKBA) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နှစ်ဘက်တင်းမာမှုများရှိခဲ့ပြီး ဇွန် ၁ ရက် မွန်းလွဲပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်သတင်းဌာနအချို့တွင် ဖော်ပြထားသည်။

မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် နယ်ခြားစောင့်တပ် (BGF) နှင့် ခွဲထွက် (DKBA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖလူး-ကျောက်ခက်-ဝေါ်လေလမ်းကို ပိတ်ထားရကြောင်း KNU Department of Information က သတင်းထုတ်ပြန်သည်။

ထို့ပြင် နယ်ခြားစောင့်တပ် အရာရှိတစ်ဦး၏ ပြောကြားချက်အရ နယ်ခြားစောင့်တပ် (BGF) 1022 တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့မှာ ခွဲထွက် DKBA အဖွဲ့ထံ သွားရောက်၍ ပူးပေါင်းမှုများရှိနေကြောင်း KNU Department of Information ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နယ်ခြားစောင့်တပ် (BGF) နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ၂၀၁၅ ခုနှစ်တွင် ခွဲထွက်၍ သီးခြားရပ်တည်လျက်ရှိသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent