ဇွန် ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာမည့် Amata ဟိုး (လ်) ဒင်းကုမ္ပဏီသည် ရှယ်ယာတစ်ခုလျှင် ကျပ် ၄၅၀၀ ဖြင့်ရောင်းချမည်

ဇွန် ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာမည့် Amata ဟိုး (လ်) ဒင်းကုမ္ပဏီသည် ရှယ်ယာတစ်ခုလျှင် ကျပ် ၄၅၀၀ ဖြင့်ရောင်းချမည်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ အရောင်းအဝယ် ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ အရောင်းအဝယ် ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
Published 1 June 2021

ဇွန် ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာမည့် Amata ဟိုး(လ်) ဒင်းကုမ္ပဏီသည် ရှယ်ယာတစ်ခုလျှင် ကျပ် ၄၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဇွန် ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာမည့် Amata ဟိုး(လ်)ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (၀၀၀၀၇) ၏ စာရင်းဝင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်းမှာ (Base Price) ကျပ် ၄၅၀၀ သတ်မှတ်ထားသည်။

အမြင့်ဆုံးစျေးနှုန်း (Upper Limit Price) ကျပ် ၅၅၀၀၊ အနိမ့်ဆုံးစျေးနှုန်း (Lower Limit Price) ကျပ် ၃၅၀၀၊ တစ်ချက်ခုန်စျေးနှုန်း ၁၀၀ ကျပ်ဖြင့် သတ်မှတ်ထားသည်။

အခြေခံစျေးနှုန်းမှာ (Base Price) ဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်သည့် နေ့ရက်တစ်ရက်ရှိ အမြင့်ဆုံးစျေးနှုန်း (Upper Limit Price) နှင့် အနိမ့်ဆုံးစျေးနှုန်း (Lower Limit Price) သတ်မှတ်ချက်ကို ဆုံးဖြတ်နိုင်ရန်အတွက်ဖြစ်သည်။ ယင်းစျေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော သို့မဟုတ် မျှော်မှန်းထားသော အရောင်းအဝယ်ဖြစ်သည့် စျေးနှုန်းအဖြစ် အဓိပ္ပါယ်သက်ရောက်စေရန် မရွယ်ပါ။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ မည့်သည့်စျေးနှုန်းနှင့်မဆို “ကန့်သတ်စျေးနှုန်းအမှာစာ” ကို တင်နိုင်သကဲ့သို့ စတော့အရောင်းဖြစ်စေ၊ အဝယ်ဖြစ်စေ ဦးစားပေးခြင်းခံရသော စျေးနှုန်းသတ်မှတ်စရာမလိုသည့် “စျေးကွက်ပေါက်စျေးအမှာစာ” ကိုလည်း ပေးပို့နိုင်ကြောင်းသိရသည်။

အကယ်၍ရင်းနှီးမြှုပ်နှံသူများမှ စျေးကွက်ပေါက်စျေးအမှာစာအဖြစ် သတ်မှတ်ထားပါက ယင်းအမှာစာသည် အခြေခံစျေးနှုန်း၌သာ အမြဲတမ်းအရောင်းအဝယ်ဖြစ်မည်ဟု မှတ်ယူ၍မရနိုင်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ်မူတည်၍ အမြင့်ဆုံးနှင့်အနိမ့်ဆုံးစျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ စျေးနှုန်းတစ်ရပ်၌သာ အရောင်းအဝယ် ဖြစ်နိုင်မည်ဖြစ်သည်။

Amata ဟိုး(လ်)ဒင်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် Amata Resort & Spa (ငပလီ)၊ My Bagan Residence b Amata ၊ Amata Garden Resort (အင်းလေး)၊ Amata Garden Resort (ပုဂံ)နှင့် My Hpa-An Residence by Amata စသည့် အပန်းဖြေလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

၂၀၁၆ ခုနှစ် မတ်လတွင် FMI ကုမ္ပဏီဖြင့် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်သည် လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြင့် နေ့စဉ်အရောင်းအဝယ်ပြုလုပ် နေခြင်းဖြစ်သည်။ Amata ဟိုး(လ်) ဒင်းကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း၌ ခုနစ်ခု မြောက်စာရင်းဝင်ကုမ္ပဏီဖြစ်သည်။

လက်ရှိရန်ကုန်စတော့်အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် First Myanmar Investment Public Co.,Ltd (FMI) ၊ Myanmar Thilawa SEZ Holdings Public Co., (MTSH) ၊ Myanmar Citizens Bank Ltd. (MCB) ၊ First Private Bank Ltd. (FPB) ၊ TMH Telecom Public Co.,Ltd (TMH) ၊ Ever River Group Public Co., Ltd (EFR) စသည့် ကုမ္ပဏီခြောက်ခု၏ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေခြင်း ဖြစ်သည်။

Amata ဟိုး(လ်)ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၂၁ ခု နှစ်၊ ဇွန်လ ၃ နေ့ကစတင်၍ ရန်ကုန်စတော့ အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများကို စတင်ရောင်းချမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင်ကာ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီများ၏ အစုရှယ်ယာများဝယ်ယူခွင့်ပြုပေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

Most Read

Most Recent