ပြီးခဲ့သည့်နှစ်က ပစ္စည်းလက်ကျန်နည်းပါးခြင်းနှင့် ပြည်တွင်း တိရစ္ဆာန်အစာစပ်သမားများ ဝယ်ယူမှုကြောင့် မန္တလေးစျေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပြောင်းသီးနှံ စျေးကောင်းရနေ

ပြီးခဲ့သည့်နှစ်က ပစ္စည်းလက်ကျန်နည်းပါးခြင်းနှင့် ပြည်တွင်း တိရစ္ဆာန်အစာစပ်သမားများ ဝယ်ယူမှုကြောင့် မန္တလေးစျေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပြောင်းသီးနှံ စျေးကောင်းရနေ
Published 31 May 2021
မင်းလတ်

မန္တလေးစျေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပြောင်းသီးနှံစျေးကောင်းရနေခြင်းမှာ ပြီးခဲ့သည့်နှစ်ရာသီက ပစ္စည်းလက်ကျန်နည်းပါးခြင်း၊ ပြည်တွင်း တိရစ္ဆာန်အစာစပ်သမားများ ဝယ်ယူခြင်းကြောင့် စျေးမြင့်နေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

လက်ရှိစျေးကွက်အတွင်း ထွက်ရှိလာသည့် ပြောင်းသီးနှံများမှာ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ မြင်းမူဒေသထွက်နှင့် ဧရာဝတီ၊ ချင်းတွင်းမြစ်ကမ်းများအနီးတွင် မြစ်ရေသွင်း၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး ၎င်းသီးနှံမှာ မြန်မာ့ ရေမြေတွင် ရာသီမရွေး တောင်ပေါ်ဒေသများ၌ပါ လွယ်ကူစွာစိုက်ပျိုးနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် သီးနှံအဖြစ် နှစ်စဉ်ပြည်ပသို့ တန်ချိန်အမြောက်အမြား တင်ပို့ရောင်းချနေရကြောင်း၊ ရှမ်းပြည်နယ်ဘက်မှ ပြောင်း မထွက်ရှိသေး၍ ပြောင်းစျေးကောင်းနေပြီး ပြည်တွင်းနယ်စုံ ပြောင်းလှိုင်လှိုင်ပေါ်ပါက ပြောင်းစျေး ကျဆင်းနိုင်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း မုံရွာ၊ ရွှေဘိုနှင့် တန့်ဆည်ဒေသများမှ ထွက်ရှိလာမည့် ပြောင်းသီးနှံများ မန္တလေးစျေးကွက်သို့  ဝင်လာရန်ရှိကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သတင်းနှင့် ပြန်ကြားရေးထံက သိရသည်။

“အရင်က ပြောင်းစျေးက ငြိမ်နေတာ။ ဧပြီလလောက်ကစပြီး စျေးတက်လာတာ။ အခုစျေးရောက်လာတာ ၅၄ ပိဿာ တစ်အိတ်ကို ၃၁၀၀၀ စျေးရှိတယ်။ ပြောင်းအသစ်က စျေးကွက်ထဲ ဝင်ရောက်နေပြီး ကျွန်းပေါ်က ထွက်တဲ့ ပြောင်းတွေ ဝင်ရောက်ပြီး အခုလောလောဆယ်က မန္တလေးစျေးကွက်နဲ့ ထိုင်းဘက်စျေးနဲ့က စျေးမကိုက်သေးဘူး။ အခုက မဖြစ်မနေ ဝယ်နေရတာက ပြည်တွင်းကြက်စာသမားတွေက ဝယ်နေရတာ။ ထိုင်းဘက်ကို အရင်စျေးနိမ့်တုန်းက သွားထားကြတာ အများကြီး ရှိတယ်။ အခုမှ မြဝတီကနေ ထိုင်းဘက်  ရောင်းကြတာနေမယ်။ နောက်ပြီး ဧရာဝတီတိုင်းက ထွက်တဲ့ ကျွန်းပြောင်းတွေက ထိုင်းဘက် သွားမယ်ထင်တယ်။ မန္တလေးဘက်က ပြောင်း လောလောဆယ် ထိုင်းဘက် မသွားသေးဘူး။ ပြည်တွင်းကြက်စာသမားတွေလောက် ဝယ်နေတာပါ။ ပြောင်းစျေးနိမ့်တုန်းက ရေလမ်း သင်္ဘောနဲ့က ထွက်တာများတယ်။ နောက် မြဝတီဘက်ကို ထွက်တာလည်းများတယ်။ ဒါကြောင့် ပြည်တွင်းမှာ ပြောင်းလက်ကျန်နည်းသွားလို့ ပြောင်းအသစ်လှိုင်လှိုင်မပေါ်ခင် စပ်ကြား အခုစျေးဖြစ်နေတာပါ။ အခုလက်ရှိ စျေးကွက်ထဲ ရောက်နေတဲ့ ပြောင်းက အရေအတွက်မများဘူးလေ။ ရှမ်းပြည်နယ်က ပြောင်းတွေပေါ်မှ  ပြောင်းစျေးက ပြန်ကျမှာပါ” မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် ကုန်စည်ဒိုင် စျေးကွက်အတွင်း၌ ပဲမျိုးစုံသီးနှံပေါက်စျေးမှာ ပဲတီစိမ်း အညာစအသစ်မှာ  ၁၀၀၀၀၀ မှ ၁၀၂၀၀၀ စျေး၊ ပဲတီစိမ်း လမ်းပဲပစ္စည်းကောင်း ၁၀၈၀၀၀ စျေး၊ အည့ံ ၁၀၃၀၀၀ စျေး၊ ခရမ်းရွှေဝါ ပဲတီစိမ်း ၁၁၅၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲ ၈၁၀၀၀ စျေး၊ V2 ကုလားပဲ ၈၈ဝဝဝစျေး၊ 929 ကုလားပဲ ၈၄၀၀၀ စျေး၊ V7 ကုလားပဲ ၈၇၀၀၀ စျေး၊ စားတော်ပဲ ၉၁၀၀၀ စျေး၊ ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ၉၇၀၀၀ စျေး၊ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၁၀၂၀၀၀ နှုန်း၊ ထောပတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၆၇၀၀၀ နှုန်း၊ စွန်တာပြာ ၈၅၀၀၀ စျေး၊ ပဲဇီးကွက်  ၈၅၀၀၀ စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent