Air KBZ လေကြောင်းလိုင်းက ပျံသန်းနေသည့် စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူစသည့် ရခိုင်ပြည်နယ်ခရီးစဉ်များကို ကျပ်လေးသောင်း မှစတင်၍ ဝယ်ယူနိုင်မည်

Air KBZ လေကြောင်းလိုင်းက ပျံသန်းနေသည့် စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူစသည့် ရခိုင်ပြည်နယ်ခရီးစဉ်များကို ကျပ်လေးသောင်း မှစတင်၍ ဝယ်ယူနိုင်မည်
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
Published 31 May 2021

Air KBZ လေကြောင်းလိုင်းက ပျံသန်းနေသည့် စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် ခရီးစဉ်များကို ကျပ်လေးသောင်းမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၁ ရက်နေ့အထိ အထူးစျေးနှုန်း လေးသောင်းကျပ်မှ စတင်ကာ ဝယ်ယူ စီးနင်းနိုင်မည်ဖြစ်ပြီး အဆိုပါအထူးစျေးနှုန်းဖြင့် Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲမည့် ခရီးစဉ်များကိုလည်း ဝယ်ယူနိုင်မည်ဟု သိရသည်။

ယင်းပြင် Air KBZ လေကြောင်းလိုင်းသည် ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၇၀၀၀၀ ဖြင့်လည်းကောင်း၊  မန္တလေး-နေပြည်တော် ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၄၅၀၀၀ ဖြင့်လည်းကောင်း၊ ဟဲဟိုး-နေပြည်တော် ခရီးစဉ်ကို အထူးစျေးနှုန်း ကျပ် ၄၅၀၀၀ ဖြင့်လည်းကောင်း ပျံသန်းသွားမည်ဟု သိရသည်။

COVID-19 ပိုးတွေ့လူနာပြန်လည် များပြားလာခြင်းကြောင့် ပြည်တွင်းလေကြောင်းလိုင်းအချို့ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ် စသည့် မြို့များသို့ ခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမြို့ကြီးအချို့တွင် COVID-19 ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး မေ ၂၇ ရက် ည ၈ နာရီမှ မေ ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁၂၃၀ ခု စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြုလူနာ ၇၂ ဦးတွေ့ရှိခဲ့ကြောင်း  မေ ၂၈ ရက် ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ လောလောဆယ်တော့ ရောဂါဖြစ်ပွားမှုများတဲ့မြို့နဲ့ Domestic Flight တွေကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ကလေးတို့ ခန္တီး၊ ထားဝယ်တို့ကို မေ ၂၉ရက်ကစပြီး ခရီးစဉ်ပျံသန်းမှုရပ်ထားတာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MAI နှင့် Air KBZ ပြည်တွင်းလေကြောင်းလိုင်းများက COVID-19 ရောဂါကြောင့် ၎င်းတို့လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစသည့် မြို့များသို့ လေကြောင်းခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယင်းမြို့များသို့ လေကြောင်းခရီးစဉ် ပျံသန်းမှု ယာယီရပ်ဆိုင်းသည့် ကာလမှာ မေ ၂၉ မှ ဇွန် ၈ရက်နေ့ထိ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။         

လက်ရှိ အာဆီယံနိုင်ငံအများစုတွင် COVID-19 ထပ်တိုးလူနာသစ် ပြန်လည်မြင့်တက်လာပြီး မေ ၂၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၃၉ သိန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

မေ ၂၇ ရက်အထိ အာဆီယံနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇၉၇၄၉၉ ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၂၀၀၄၃၀ ၊ မလေးရှားနိုင်ငံတွင် ၅၄၁၂၂၄ ဦး၊ မြန်မာနိုင်ငံတွင် ၁၄၃၄၁၄ ဦး၊ ထိုင်းနိုင်ငံတွင် ၁၄၁၂၁၇ ဦး ၊ စင်ကာပူနိုင်ငံတွင် ၆၁၉၄၀၊ ကမ္ဘောဒီးယားတွင်၂၇၆၃၈ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၆၃၁၄ ဦး၊ လာအိုနိုင်ငံတွင် ၁၈၉၅ ဦး၊ ဘရူနိုင်းနိုင်ငံတွင် ၂၄၀ ရှိကြောင်း သိရသည်။ 

Most Read

Most Recent