ဘဏ်ချေးငွေများကို အချိန်မီပြန်လည်ပေးသွင်းကြရန်နှင့် ချေးငွေများကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်လည်းကောင်း ပေးဆပ်နိုင်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း ထုတ်ပြန်

ဘဏ်ချေးငွေများကို အချိန်မီပြန်လည်ပေးသွင်းကြရန်နှင့် ချေးငွေများကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်လည်းကောင်း ပေးဆပ်နိုင်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း ထုတ်ပြန်
Published 31 May 2021

ဘဏ်ချေးငွေများကို အချိန်မီပြန်လည်ပေးသွင်းကြရန်နှင့်ချေးငွေများကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် လည်းကောင်း၊ စာရင်းရှင်းနည်းဖြင့်လည်းကောင်း ပေးဆပ်နိုင်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ထားသည်။

အပ်ငွေအသစ် စာရင်းရှင်အပ်ငွေစာရင်းတွင် ကနဦးအပ်နှံငွေကို အနည်းဆုံး ကျပ် ၁၀၀၀၀ မှကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့် ထည့်သွင်း၍ စာရင်းဖွင့်နိုင်ခြင်း အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ထားသည်။

စာရင်းရှင်အပ်ငွေစာရင်း (Current Account) တွင် ကနဦးအပ်ငွေ အနည်းဆုံး ကျပ် ၁၀၀၀၀ မှကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့် ထည့်သွင်း၍စာရင်းဖွင့်နိုင်သည်။ ဘဏ်တစ်ခုနှင့်တစ်ခု မတည်ညီနိုင်ကြောင်းနှင့် ဘဏ်တစ်ခုချင်းအလိုက် အတိုးနှုန်း အတိုးအလျော့ရှိနိုင်ကြောင်း သိရသည်။

ငွေပေးသွင်းမှုကို ငွေသားဖြင့် ပေးသွင်းနိုင်ခြင်း၊ ငွေထုတ်ယူရာတွင် ချက်လက်မှတ် အသုံးပြု၍ (ငွေသားဖြင့် စာရင်းပြောင်း၊ စာရင်းရှင်း (CBM Net, Digital Payment, Any Channel) တို့ဖြင့် ဆောင်ရွက်နိုင်သည်။

ခေါ်ယူအပ်ငွေစာရင်း Call Deposit တွင် ကနဦးအပ်ငွေအနည်းဆုံးကျပ် ၁၀၀၀၀ မှ ကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့် ထည့်သွင်း၍စာရင်းဖွင့်နိုင်ကြောင်းနှင့် ဘဏ်တစ်ခုချင်းအလိုက် အတိုးနှုန်း အတိုးအလျော့ ရှိနိုင်ကြောင်း သိရသည်။ ငွေပေးသွင်းမှုကို ငွေသားဖြင့်ပေးသွင်းနိုင်ခြင်း၊ ငွေထုတ်ယူရာတွင် ချက်လက်မှတ်အသုံးပြု၍ (ငွေသားဖြင့် စာရင်းပြောင်း၊ စာရင်းရှင်း CBM Net, Digital Payment, Any Channel) တို့ဖြင့် ဆောင်ရွက်နိုင်သည်။

ချေးငွေအရင်း/အတိုးပေးဆပ်ခြင်းတွင် ဘဏ်များမှချေးယူထားခဲ့သည့်ချေးငွေ အရင်း/အတိုးတို့ကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်လည်းကောင်း၊ စာရင်းရှင်းနည်းဖြင့်လည်းကောင်း ၊ လွတ်လပ်စွာပေးဆပ်နိုင်ကြောင်း၊လက်ရှိအချိန်တွင် ဘဏ်များသို့ ယုံကြည်စွာဖြင့် အပ်နှံထားသည့် ငွေများကို ပြန်လည်ထုတ်ပေးရာတွင် အဆင်ပြေစွာလည်ပတ်စေရန်အတွက် ဘဏ်များက ယုံကြည်စွာဖြင့် ထုတ်ချေးထားသော ချေးငွေများကိုလည်း သက်တမ်းစေ့ရောက်ချိန်အမီ ပြန်လည်ပေးသွင်းကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် အပ်ငွေစာရင်းဟောင်းများ၊ ငွေပေးအမိန့်လွှာ (Payment Order-PO) ရောင်းချပေးခြင်း၊ ဘဏ်အာမခံစာတမ်း (Bank Grarantee-BG) ထုတ်ပေးခြင်း၊ ငွေလွှဲခြင်းနှင့် TT/LC ဝန်ဆောင်မှုများ၊ စသည်တို့နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဘဏ်များအသင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent