အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကုန်စည်အဖြစ် ပြောင်းလဲသတ်မှတ်

အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကုန်စည်အဖြစ် ပြောင်းလဲသတ်မှတ်
ချောက်မြို့နယ်အတွင်း ပဲတီစိမ်းဆွတ်ခူးသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ချောက်မြို့နယ်အတွင်း ပဲတီစိမ်းဆွတ်ခူးသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 27 May 2021

အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့်မတ်ပဲတို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏအဖြစ်သာ တင်သွင်းခွင့်ပြုခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် အမိန့်ထုတ်ပြန်ချိန်မှ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ အထိ ဖြေလျှော့လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O.1858 (E) ကို ၂၀၂၁ ခုနှစ် မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၁၉.၃.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1266 (E) ဖြင့် ၂၀၂၁- ၂၀၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုနှင့် ၂၆.၃.၂၀၂၁ ရက်စွဲပါ အမိန့် ကြော်ငြာစာ သတ်မှတ်ချက်ထုတ်ပြန်မှုတို့အား ယခုထပ်မံထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် အစားထိုးပြင်ဆင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တင်သွင်းရန်အတွက် Bill of Lading ထုတ်ပေးခြင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံးထားဆောင်ရွက်ရန်နှင့် တင်သွင်းလာသည့်ကုန်စည်များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အတွင်း အပြီးလုပ်ဆောင်ရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ် သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ဒီဘဏ္ဍာနှစ်မှာက ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၀၆၁ သိန်း (၁ ဒသမ ၆သန်းကျော်) တင်ပို့မှုကနေ ဒေါ်လာ ၁၁၉၅ ဒသမ ၄၈၃ သန်း (၁ ဒသမ ၂ ဘီလျံနီးပါး) ရရှိထားတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် တန်ချိန်နှစ်သောင်း သုံးထောင်လောက်လျော့ခဲ့ပေမဲ့ ဝင်ငွေမှာ ဒေါ်လာ ၁၆၉ ဒသမ ၂၃၂ သန်းပိုရထားတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုရရှိခဲ့သည်။၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒမသ ၁၄၄ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၃၁ ဒသမ ၂၅၃ သန်းရရှိထားသည်။

Most Read

Most Recent