ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ယခုလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စင်းဝင်ရောက်ရန် လျာထားရာမှ လက်ရှိတွင် သင်္ဘော ၃၇ စင်းအထိ ထပ်မံတိုးချဲ့ပြေးဆွဲမည်

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ယခုလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စင်းဝင်ရောက်ရန် လျာထားရာမှ လက်ရှိတွင် သင်္ဘော ၃၇ စင်းအထိ ထပ်မံတိုးချဲ့ပြေးဆွဲမည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုရှိ နိုင်ငံတကာသင်္ဘောတစ်စီးအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုရှိ နိုင်ငံတကာသင်္ဘောတစ်စီးအားတွေ့ရစဉ်
Published 26 May 2021

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် မေလတွင် ယခင်က ကုန်သေတ္တာတင်သင်္ဘော ၂၄ စင်းသာ ဝင်ရောက်ရန်လျာထားခဲ့ရာမှ ယခုအခါ စုစုပေါင်း ၃၇ စင်းအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက သင်္ဘောဝင်ရောက်မှုနည်းပါးခဲ့ပြီး လာမည့်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စင်းပြေးဆွဲရန် ဧပြီလနောက်ဆုံးပတ်ခန့်က လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ကုန်များ အချိန်မီတင်ပို့နိုင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ ယခုနှစ်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၃၃ စင်းပြေးဆွဲရန် လျာထားပြီး စျေးကွက်လိုအပ်ချက်အရ အထူးခရီးစဉ်များ ဖြည့်စွက်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘောများ  ပိုမိုဝင်ရောက်နိုင်ရန်နှင့် ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက်များ ဖြေရှင်းနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဦးဆောင် ညွှန်ကြာရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ COVID-19 ဖြစ်ပွားချိန်မှစ၍ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သေတ္တာတင် သင်္ဘောဝင်ရောက်မှု ကျဆင်းခဲ့သည့် အခြေအနေ၊ ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာရသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ရေကြောင်းဖြင့် ကုန်သွယ်မှု၏အရေးပါပုံနှင့် သင်္ဘောစီးရေ တိုးမြှင့်ဝင်ရောက်လာစေရေးနှင့် ကုန်သေတ္တာလိုအပ်ချက် လျော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ အထွေထွေမန်နေဂျာ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကမ္ဘာ့စျေးကွက်နှင့် အထူးသဖြင့် အာရှနှင့် အရှေ့တောင်အာရှစျေးကွက်တွင် ဆက်လက်ဖြစ်ပေါ်နေသည့် ကုန်သေတ္တာ လိုအပ်ချက်မြင့်တက်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင် လက်ရှိကာလအတွင်း ပို့ကုန်များအချိန်မီ တင်ပို့နိုင်ရန်အတွက် ကုန်သေတ္တာနှင့် အေအေးခန်းကုန်သေတ္တာ လိုအပ်ချက်ရှိမှုအခြေအနေနနှင့် ဆိပ်ကမ်း လုပ်ငန်းများ ပုံမှန်အတိုင်း ဘေးကင်းလုံခြုံစွာဖြင့် လည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကုန်သေတ္တာတင် ဆိပ်ကမ်းတံတားအသီးသီးမှ လက်ရှိကာလတွင်  နေ့စဉ်ဆိပ်ကမ်းလုပ်ငန်းများ လည်ပတ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်္ဘောလိုင်းများမှလည်း လက်ရှိကာလတွင် အချို့သော သဘောင်္များကို ယာယီသဘော လျော့ချ/ရပ်ဆိုင်းခဲ့မှုအခြေအနေ၊ ယခုနှစ်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စင်း ပြေးဆွဲရန် လျာထားစာရင်း၊ စျေးကွက်လိုအပ်ချက်အရ အထူးခရီးစဉ်များဖြင့် ဖြည့်စွက်ပြေးဆွဲပေးသွားမည့် အခြေအနေ၊ ပို့ကုန် လုပ်ငန်းရှင်များအတွက် ကုန်သေတ္တာနှင့် အအေးခန်းကုန်သေတ္တာများ ဖြည့်ဆည်းပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ် ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက် တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent