JICA နှင့် SME Development Bank ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ချေးငွေသက်တမ်း ငါးနှစ်အထိ ချေးငွေထုတ်ချေးမည်

JICA နှင့် SME Development Bank ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ချေးငွေသက်တမ်း ငါးနှစ်အထိ ချေးငွေထုတ်ချေးမည်
ရန်ကုန်မြို့၏ စက်မှုဇုန်တစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့၏ စက်မှုဇုန်တစ်ခုအား တွေ့ရစဉ်
Published 26 May 2021

JICA နှင့် SME Development Bank ပူးပေါင်းပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ချေးငွေသက်တမ်းငါးနှစ်အထိ ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း SME Debelopment Bank က သတင်းထုတ်ပြန်ထားသည်။

JICA Loan ဆိုသည်မှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် SME Debelopment Bank တို့ ပူးပေါင်းပြီးချေးငွေသက်တမ်း ငါးနှစ်အထိ ထုတ်ချေးပေးခြင်းဖြစ်သည်။

ချေးငွေရရှိနိုင်မည့်လုပ်ငန်းအမျိုးအစားများမှာ JICA အဖွဲ့အစည်းက သတ်မှတ်ထားသည့်လုပ်ငန်းများအတွက် ထုတ်ချေးပေးမည်ဖြစ်သည်။

JICA ချေးငွေကို အာမခံပစ္စည်းအဖြစ် မြေနှင့် အဆောက်အအုံထားရှိရုံဖြင့် ချေးငွေ သက်တမ်း ငါးနှစ်အထိ လျှောက်ထားရယူနိုင်ကြောင်း၊ ချေးငွေ၏ အနည်းဆုံးရာခိုင်နှုန်း ၈၀ ကို ပုံသေပိုင်ပစ္စည်းတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ရာခိုင်နှုန်း ၂၀ ကို လုပ်ငန်း လည်ပတ်ငွေအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်နှင်လျှင် ၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

စက်ရုံ၊ အဆောက်အအုံ (သို့မဟုတ်) လုပ်ငန်းအဆောက်အဦတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်း၊ စက်ယန္တရားအား အဆင့်မြှင့်တင်ခြင်း၊ စားသောက်ဆိုင်များတိုးချဲ့ဖွင့်လှစ်ခြင်းကဲ့သို့ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံရန်အတွက် သင့်လျော်သည့်ချေးငွေအမျိုးအစားဖြစ်သည်။

JICA Loan ကို လျှောက်ထားရယူလိုသူများအနေဖြင့် ခြောက်လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံသုံးပုံ၊ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ သက်တမ်းရှိ လုပ်ငန်းလိုင်စင်၊ လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့် အမှန်တကယ်နေထိုင်ကြောင်း အထောက်အထား၊ သုံးနှစ်စာ ဝင်ငွေခွန်ပြေစာ၊ သုံးနှစ်စာဘဏ္ဍာရေးရှင်းတမ်း (ဝင်ငွေ၊ ထွက်ငွေ အရှုံး/အမြတ်စာရင်း)၊ အပေါင်ပစ္စည်း (မြေနှင့် အဆောက်အဦ)၊ SME Debelopment Bank မှ ငွေချေးယူရန် မှတ်ချက်ပါ ခြောက်လအတွင်း ရေးကူးထားသော မြေပုံ/မြေရာဇဝင် (၁၀၅/၁၀၆)၊ အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ အပေါင် ပစ္စည်းပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း၊ အာမခံပစ္စည်းဓာတ်ပုံရှေ့၊ နောက်၊ ဝဲ၊ ယာနှင့် လုပ်ငန်းဓာတ်ပုံသုံးပုံ၊ DICA Registration နံပါတ်၊ ချေးငွေအသုံးပြုမည့်အစီအစဉ်၊ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊ အာမခံ တင်သွင်းသည့်ပစ္စည်းစာရင်း/ တန်ဖိုးများ လိုအပ်ကြောင်း သိရသည်။

SME Debelopment Bank ၏ ချေးငွေဝန်ဆောင်မှုများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက နီးစပ်ရာ ဘဏ်ခွဲများနှင့် ဖုန်း-၀၁- ၂၃၀၂၃၄၀၊ ၀၁-၂၃၀၂၃၄၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သုံးနှစ်ကျော်ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးရေးနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေအနေဖြင့် JICA Two Step Loan မှ ချေးငွေကျပ် ၂၂၃ ဘီလျံကျော်ထုတ်ချေးထားပြီး ဧရာဝတီတိုင်းဒေသကြီးမှ ကျပ် ၅၆ ဘီလျံကျော်ဖြင့် အများဆုံး ထုတ်ချေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် JICA Two Step Loan မှ ချေးငွေထုတ်ချေးထားမှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ် ၅၆ ဘီလျံကျော် (၅၆၆၀၂ ဒသမ ၃၃ သန်း) နှင့် ပဲခူးတိုင်းဒေသကြီးတွင် ကျပ် ၅၄ ဘီလျံကျော် (၅၄၂၈၇ ဒသမ ၄၅ သန်း) ဖြင့် ဒုတိယအများဆုံး ထုတ်ချေးထားသည်။

ကချင်ပြည်နယ်တွင် ကျပ် ၄၁၅၄ ဒသမ ၂၄ သန်း၊ ကယားပြည်နယ်တွင် ကျပ် ၅၉၈၂ ဒသမ ၀၅ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ကျပ် ၈၁၆၃ ဒသမ ၀၆ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၂၃၀၁၆ ဒသမ ၂၅ သန်း၊ မွန်ပြည်နယ်တွင် ကျပ် ၉၁၈၃ ဒသမ ၆၃ သန်း၊ ရခိုင်ပြည်နယ်တွင် ကျပ် ၁၅၈၅ ဒသမရ၂ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၇၄၅၇  ဒသမ ၆၉ သန်း၊ ရှမ်းပြည်နယ်တွင် ကျပ် ၁၇၉၂၅၈ ဒသမ ၆၄သန်းနှင့် နေပြည်တော်တွင် ကျပ် ၅၁၅၂ ဒသမ ၅၇ သန်း အသီးသီး ထုတ်ချေးထားသည်။

Most Read

Most Recent