မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ တောင်းဆို
Published 26 May 2021

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်သတင်းသမား အပါအဝင် သတင်းသမားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။

မေ ၂၅ ရက် ပြုလုပ်သည့် ကုလသမဂ္ဂ၏ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၁ ရက် တပ်မတော် အာဏာထိန်းသိမ်းပြီးနောက် ဖမ်းခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ထပ်မံတောင်းဆိုထားပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောကြားသည်။

Frontier Myanmar မဂ္ဂဇင်းတွင် အလုပ်လုပ်ကိုင်နေသည့့် အမေရိကန်နိုင်ငံသားဂျာနယ်လစ် Danny Fenster အပါအဝင် မြန်မာနိုင်ငံ၌ ဖမ်းဆီးခံရသည့့် သတင်းသမား အနည်းဆုံး ၈၈ ဦးရှိသည့်အနက် ၅၂ ဦးကို အကျဉ်းထောင်တွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ဒန်နီဖန်စတာသည် Frontier Myanmar မဂ္ဂဇင်း၏ မန်းနေးဂျင်းအယ်ဒီတာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်မရောက်မီ ထိန်းသိမ်းခံလိုက်ရကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံထားကြောင်း Frontier Myanmar ဘက်က မေ ၂၄ ရက်နောက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သို့သော် ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးလိုက်သည်ကို မသိရှိကြောင်း၊ ၎င်း၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မိပြီး ၎င်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ ၎င်းအတွက် လိုအပ်သည့် အကူအညီမှန်သမျှပေးရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Frontier Myanmar က ပြောကြားသည်။

မစ္စတာဖန်စတာသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် စတုတ္ထမြောက်နိုင်ငံခြားသား ဂျာနယ်လစ်ဖြစ်သည်။ ၎င်းရှေ့တွင် ဖမ်းဆီးခံရသော သုံးဦမှာ ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် အမေရိကန်နိုင်ငံသား ဦးနေသန်မောင်၊ အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည့် ပိုလန်နိုင်ငံသား ရောဘတ် ဘိုဆီယာဂါနှင့် ဂျပန်နိုင်ငံသား ယူကီကီ တာဇူမီတို့ ဖြစ်ကြသည််။

ပိုလန်သတင်းထောက် ဘိုဆီယာဂါကို မတ် ၁၁ ရက်က တောင်ကြီးမြို့တွင် ဖမ်းဆီးလိုက်သော်လည်း သီတင်းနှစ်ပတ်အကြာ တွင် ပြန်လည်လွတ်လာခဲ့သည်။ ဧပြီ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့၌ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံလိုက်ရသည့်  ဂျပန်သတင်းထောက် ကီတာဇူမီကိုမူ မေ ၁၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားသည့် ကမ္ဘာ့သတင်း မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၄၀ ၌ ရှိနေကြောင်း သိရသည်။

Most Read

Most Recent