Frontier Myanmar မှ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိန်းသိမ်းခံရ

Frontier Myanmar မှ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိန်းသိမ်းခံရ
Published 25 May 2021
Ref: Reuters

Frontier Myanmar မဂ္ဂဇင်းတွင် အလုပ်လုပ်ကိုင်နေသည့့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ် Danny Fenster သည် မေလ ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ကြောင်း သိရသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ဒန်နီဖန်စတာသည် Frontier Myanmar မဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်မရောက်မီ ထိန်းသိမ်းခံလိုက်ရကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံထားကြောင်း Frontier Myanmar ဘက်က မေ ၂၄ ရက်နောက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သို့သော် ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးလိုက်သည်ဆိုတာကို မသိရှိကြောင်း၊ ၎င်း၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မိပြီး ၎င်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ ၎င်းအတွက် လိုအပ်သည့် အကူအညီမှန်သမျှပေးရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Frontier Myanmar က ပြောကြားသည်။ 

ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက Privacy ကြောင့် အသေးစိတ်ကို ၎င်းတို့ဘက်က ပြော၍ မရသေးဟုဆိုကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

မစ္စတာဖန်စတာသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် စတုတ္ထမြောက်နိုင်ငံခြားသား ဂျာနယ်လစ်ဖြစ်သည်။ ၎င်းရှေ့တွင် ဖမ်းဆီးခံရသော သုံးဦမှာ ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် အမေရိကန်နိုင်ငံသား ဦးနေသန်မောင်၊ အလွတ်တန်းသတင်းထောက်များ ဖြစ်ကြသည့် ပိုလန်နိုင်ငံသား ရောဘတ်ဘိုဆီယာဂါနှင့် ဂျပန်နိုင်ငံသား ယူကီကီတာဇူမီတို့ ဖြစ်ကြသည်။

ပိုလန်သတင်းထောက် ဘိုဆီယာဂါကို မတ် ၁၁ ရက်က တောင်ကြီးမြို့တွင် ဖမ်းဆီးလိုက်သော်လည်း သီတင်းနှစ်ပတ်အကြာတွင် ပြန်လည်လွတ်လာခဲ့သည်။ ဧပြီ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့၌ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံလိုက်ရသည့် ဂျပန်သတင်းထောက် ကီတာဇူမီကိုမူ မေ ၁၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

“ ကျွန်တော်တို့ လုံးဝမျှော်လင့်မထားပါဘူး။ သူ့ကို ဘာကြောင့်ဖမ်းလဲဆိုတာ အတော်လေး နားမလည်နိုင် ဖြစ်ရပါတယ်။ သူ့ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာမရှိဘူးလို့ ကျွန်တော်တို့ကို ပြောထားပေမဲ့ အရမ်းစိုးရိမ်တယ်” ဟု ဖမ်းဆီးခံသတင်းထောက်၏ ညီအစ်ကိုတော်စပ်သူ ဘရိုင်ယန်ဖန်စတာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၂၁ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားသည့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၄၀ ၌ ရှိနေကြောင်း သိရသည်။

Most Read

Most Recent