NLD ပါတီကို ဖျက်သိမ်းနိုင်သည်ဆိုသည့် ရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုမှုအား ဥရောပသမဂ္ဂ ရှုတ်ချ

NLD ပါတီကို ဖျက်သိမ်းနိုင်သည်ဆိုသည့် ရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုမှုအား ဥရောပသမဂ္ဂ ရှုတ်ချ
Published 24 May 2021
Ref: Reuters

နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းပစ်နိုင်သည်ဆိုသည့် တပ်မတော်က ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်ကို ဥရောပသမဂ္ဂက မေ ၂၃ ရက်တွင် ရှုတ်ချခဲ့ကြောင်း သိရသည်။

“ ကော်မရှင်အနေနဲ့ အဲဒီအစီအစဉ်အတိုင်း ဆက်လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ သင့်လျော်တဲ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တပ်မတော်က ဗြောင်ကျကျလျစ်လျူရှုနေတာကို ထပ်မံပြသလိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်လာလိမ့်မယ်” ဟု ဥရောပသမဂ္ဂ အမှုဆောင် ကော်မရှင် ပြောခွင့်ရအမျိုးသမီးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည်သူများ၏ဆန္ဒကို ပယ်ဖျက်ရန် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပစ်ရန်  ကြိုးပမ်းမှုမှန်သမျှကို ဥရောပသမဂ္ဂအနေဖြင့် ရှုတ်ချမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ခြင်းကြောင့် NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်ကြောင်း မေ ၂၁ ရက်တွင် တပ်မတော်က ခန့်အပ်တာ ဝန်ပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၏ပြောဆိုမှုကို သတင်းမီဒီယာများက ကိုးကားဖော်ပြခဲ့သည်။

ရွေးကောက်ပွဲ၌ NLD ပါတီ၏ အပြတ်အသတ်အနိုင်ရမှုတွင် မဲမသမာမှုများ ရှိနေကြောင်း တပ်မတော်က စွပ်စွဲထားပြီး NLD ပါတီဘက်ကမူ တရားမျှတစွာ အနိုင်ရခဲ့ကြောင်းဖြစ်သည်ဟု ပြောဆိုထားသည်။ 

ဥရောပသမဂ္ဂကလည်း NLD ၏ ရပ်တည်ချက်ကို ထောက်ခံပြီး NLD ပါတီ၏ အနိုင်ရလဒ်ကို လွတ်လပ်သည့် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူအားလုံးက အတည်ပြုခဲ့သည်ကို အလေးအနက် ပြောကြားလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent