၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော်လျော့ကျ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော်လျော့ကျ
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 24 May 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ဆန် ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၄ ရက်အထိ ယာယီစာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုအခြေအနေအရ ဆန်တန်ချိန် ၇၈၇၆၂၆ ဒသမ ၆၄၃ တန် တင်ပို့မှုမှ ဒေါ်လာ ၃၂၀ ဒသမ ၃၉၉ သန်း ရရှိထားသည်။ ဆန်ကွဲတန်ချိန် ၅၈၉၄၁၅ ဒသမ ၃၃၀ တန် တင်ပို့မှုမှ ဒေါ်လာ၂၀၃ ဒသမ ၈၁၅ သန်းရရှိထားကာ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၃၇၇၀၄၁ ဒသမ ၉၇၃ တန် တင်ပို့မှုမှ ဒေါ်လာ ၅၂၄ ဒသမ ၂၁၄ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၁၂၈၅၅ ဒသမ ၆၄၃ တန်တင်ပို့မှုမှ ဒေါ်လာ ၃၇၂ ဒသမ ၆၅၈ သန်းရရှိထားသည်။ ဆန်ကွဲတန်ချိန် ၆၃၇၇၇၂ ဒသမ ၀၈ တန် တင်ပို့မှုမှဒေါ်လာ ၁၆၇ ဒသမ ၀၅၇ သန်း ရရှိခဲ့သည်။ စုစုပေါင်းဆန်နှင့်ဆန်ကွဲတန်ချိန် ၁၈၅၀၆၂၇ ဒသမ ၇၂၃ တန်တင်ပို့မှုမှဒေါ်လာ ၅၃၉ ဒသမ ၇၁၅ သန်းရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရသည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၄၂၅၂၂၉ တန်၊ တန်ဖိုး ဒေါ်လာ ၅၂ ဒသမ ၂၅၉ သန်းလျော့နည်းခဲ့သည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၄၈၃၅၆ ဒသမ ၇၅၀ တန်လျော့နည်းခဲ့သော်လည်း ဒေါ်လာ ၃၆ ဒသမ ၇၅၈ သန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်မှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။ ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲ တင်ပို့မှု မြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေ ပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခု နှစ်၊ မေလ ဒုတိယအပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တွေ့ရှိရကြောင်း Trading Economics Website တွင် ဖော်ပြထားသည်။

Most Read

Most Recent