ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးအား ကျန်းမာရေးအခြေအနေအရ တက်ရောက်မည် မဟုတ်ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား

ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးအား ကျန်းမာရေးအခြေအနေအရ တက်ရောက်မည် မဟုတ်ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 19 May 2021

မေ ၂၁ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးအား ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ပါတီအချို့က အစည်းအဝေး တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုမှုများရှိသော်လည်း ANP ပါတီကမူ တက်ရောက်မည့် ကိုယ်စားလှယ်၏ ကျန်းမာရေးအခြေအနေအရ မတက်ရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ဥက္ကဋ္ဌက ခရီးလွန်နေတယ်။ ကျွန်တော့်ကို တာဝန်ပေးတယ်။ ကျွန်တော်လည်း ကျန်းမာရေးမကောင်းလို့။ ကျွန်တော် လေယာဉ်လက်မှတ်တောင် မှာထားပြီးသားလေ။ အဲဒီတော့ မတက်ဖြစ်တာခင်ဗျ။ ကျွန်တော် ကျန်းမာရေးမကောင်းလို့ မတက်ဖြစ်တာပါ” ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ဖေဖော်ဝါရီ ၂၄ ရက်က ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယခုဒုတိယအကြိမ်အစည်းအဝေးကိုမူ ကျန်းမာရေးအခြေအနေအရ မတက်ရောက်ခြင်း ဖြစ်သည်။

“နိုင်ငံရေးပါတီဆိုတာ ကော်မရှင်နဲ့ အဓိကပတ်သက်တယ်လေ။ ပတ်သက်တော့ ကော်မရှင်ရဲ့ ပထမအကြိမ်အစည်းအဝေးလည်း ကျွန်တော်တို့ သွားတက်ပါတယ်။ ဒုတိယအကြိမ်အစည်းအဝေးကို တက်ဖို့အတွက် ပြင်ဆင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး မကောင်းလို့ မတက်ဖြစ်တဲ့အကြောင်းပဲ ကျွန်တော် ပြောလိုပါတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးအား တက်ရောက်နိုင်ခြင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

အခြားရခိုင်ပါတီတစ်ခုဖြစ်သည့် ရခိုင့် ဦးဆောင်ပါတီသည် ကော်မရှင်အစည်းအဝေးတက်ရောက်မည်ဟု ယင်းပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇော်ဦးက The Daily Eleven သတင်းစာအား ပြောကြားထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်  နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၅၃ ပါတီ တက်ရောက်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၃၈ ပါတီက အစည်းအဝေး တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီအနက် ယာယီရပ်ဆိုင်းခံထားရသည့် နှစ်ပါတီမှလွဲ၍ ပါတီ ၉၁ ပါတီအား ဖိတ်ကြားထားကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မေ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) ကျင့်သုံးနိုင်ရေးနှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent