ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ခုနစ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ခုနစ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
Published 19 May 2021
မင်းနိုင်စိုး

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၆၂၃၁၀ ရှိကြောင်း မေ ၁၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ခုနစ်မြို့နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များထုတ်ယူ/ရရှိ/သုံးစွဲ/လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပြီး မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုနှင့် ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒရှင်စာရင်း စစ်ဆေးချက်များအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဆိုပါ မြို့နယ် ခုနစ်မြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၂၄၂၁၄၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမှာ ၁၁၁၃၇၆၇ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်း စိစစ်တွေ့ရှိမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ခုနစ် မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၁၅၀၃၉ ဦးဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ် ပါဝင်သူ ၁၅၂၃၁၆ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ခုနစ်မြို့နယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ရရှိ/သုံးစွဲ/လက်ကျန် အခြေအနေများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ မြို့နယ်များရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ထိုသို့ မြေပြင် စစ်ဆေးချက်များအရ အဆိုပါ မြို့နယ် ခုနစ်မြို့နယ်တွင် မဲရုံပေါင်း ၁၂၇၁ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၁၃၇၂၃၇၂ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၉၃၅၀၁၈၊ ကျန်ရှိရမည့် အရေအတွက်မှာ ၄၃၇၃၅၄၊ မြေပြင်လက်ကျန် ၄၂၀၂၂၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကွာခြားချက်အနေဖြင့် အဆိုပါမြို့နယ် ခုနစ်မြို့နယ်တွင် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ် အရေအတွက် ၃၃၁၀၈ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၁၅၉၈၃ ဖြစ်ကာ မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်း ပျောက်ဆုံးခြင်းနှင့် တရားမဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါမြို့နယ် ခုနစ်မြို့နယ်နှင့် စပ်လျဉ်း၍ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများကို စိစစ်ရာတွင် မဲစာရင်းများကောက်ယူရာ၌ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရကြောင်း၊ ဆန္ဒမဲလက်မှတ်များ မြေပြင်ဖွင့်ဖောက် စစ်ဆေးရာတွင် မဲလက်မှတ် အပို/လျော့နည်း ပျောက်ဆုံးမှုများ တွေ့ရှိရပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ/နည်းဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent