မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားနှစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး မြို့ပတ်အပြင် လှော်ကားဘူတာအထိ ပြေးဆွဲမည်

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားနှစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး မြို့ပတ်အပြင် လှော်ကားဘူတာအထိ ပြေးဆွဲမည်
 ရန်ကုန်မြို့ပတ်ရထားခရီးစဉ်ပြေးဆွဲနေသည့် ရထားတစ်စင်းအား တွေ့ရစဉ်
 ရန်ကုန်မြို့ပတ်ရထားခရီးစဉ်ပြေးဆွဲနေသည့် ရထားတစ်စင်းအား တွေ့ရစဉ်
Published 19 May 2021

မြန်မာ့မီးရထားက မေ ၂ဝရက်မှစတင်ကာ ရန်ကုန်မြို့ပတ်ရထားနှစ်စင်းအား ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး မြို့ပတ်အပြင် လှော်ကားဘူတာထိပါ ထပ်မံပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြို့ပတ်ရထား နှစ်စင်းအား ပြေးဆွဲနေခြင်းဖြစ်ပြီး မေ ၂၀ ရက်မှ စတင်ကာ မြို့ပတ်ရထားနှစ်စင်းအား ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ ယင်းပြင်ဆင်ခြေဖုံးရထားများဖြစ်သော လှော်ကားအထိ ပြေးဆွဲသွားမည်ဖြစ်သည်။

မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် လူစီးရထားခရီးစဉ်များဖြစ်သည့် ပျဉ်းမနား-တောင်တွင်းကြီး-ပျဉ်းမနား RBE ရထားအား ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။ မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် ခရီးစဉ်များအား ပြန်လည်ပြေးဆွဲပေးနေရာ မေ ၁၅ရက်မှစတင်ကာ ပျဉ်းမနားဘူတာမှ ပျဉ်းမနား-တောင်တွင်းကြီးအမှတ် (၁၀၃) အဆန် RBE ရထားအား တွဲနှစ်တွဲဖြင့် စတင်ပြေးဆွဲပေးခဲ့ရာ တောင်တွင်းကြီးဘူတာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါရထားသည် အမှတ် (၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ ပျဉ်းမနား ဘူတာသို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။­

မြန်မာ့မီးရထားက ရန်ကုန်-ပဲခူးလမ်းပိုင်း၌ အမှတ် ၁၃ အဆန်နှင့် အမှတ် ၁၄ အစုန် RBE လူစီးရထားတွဲနှစ်တွဲဖြင့် မေ ၈ ရက်တွင် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ RBE လူစီးရထားအား အမှတ် ၁၃ အဆန်ရထားအဖြစ် ရန်ကုန်မှ မွန်းလဲ ၃နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ ပဲခူးသို့ ညနေ ၆ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်သည်။

ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေးစာပို့ရထားခရီးစဉ်အား မေ ၆ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ “ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး စာပို့ရထားခရီးစဉ်ကို မေ ၆ ရက် နံနက် ၇ နာရီကနေစတင်ပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့မီးရထားက ကိုဗစ်ကာလ ခရီးသည်စီးနင်းမှုလျော့နည်းခြင်းကြောင့် ရပ်နားထားသည့် ရထားခရီးစဉ်များအနက် အချို့အား ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်စီးနင်းမှုပေါ်မူတည်၍ လူစီးရထားများ ထပ်မံပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကိုဗစ်ကာလမှာ ခရီးသည်စီးနင်းမှု လျော့နည်းတာကြောင်း ခရီးဝေးရထားနဲ့  မြို့့ပတ်ရထားခရီးစဉ်အချို့ကို ပြေးဆွဲမှုရပ်နားထားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ခရီးသည်စီးနင်းမှုပေါ်မူတည်ပြီး ရထားခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ရထားခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲဖို့စီစဉ်နေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်ပွားစဉ် ရထားလမ်းကွန်ရက် တစ်လျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်းတို့ဖြင့် ခရီးဝေးရထား စုစုပေါင်း ၁၅၆ စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း ၂၁ ဆိုင်းဖြင့် ၁၆၈ ခေါက် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် Stay at Home အစီအစဉ် စတင်ပြီးနောက် မြန်မာ့မီးရထားက ပြေးဆွဲနေသည့် မြို့ပတ်ရထားခရီးစဉ်အား ရုံးတက် ရုံးဆင်းချိန်၌သာ ပြေးဆွဲခဲပြီး ကျန်မြို့ပတ်ရထားခရီးစဉ်များ ယာယီရပ်နားထားခြင်းဖြစ်သည်။

Most Read

Most Recent