အန်သိုနီဂျိုရှူအာနှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို သြဂုတ် (၁၄)တွင်ဆော်ဒီအာရေဗျ၌ ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု

အန်သိုနီဂျိုရှူအာနှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို သြဂုတ် (၁၄)တွင်ဆော်ဒီအာရေဗျ၌ ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

WBC ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက WBA (SUPER)၊ WBO၊ IBF ချန်ပီယံ တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာနှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို သြဂုတ်(၁၄)တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ထိုးသတ်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဗြိတိန်လက်ဝှေ့သမားနှစ်ဦး ထိုးသတ်မည့် ယင်းပွဲမှာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးကျယ်ဆုံး ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အနိုင်ရရှိသူမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ခါးပတ်(၄)ခုစလုံး ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ 

ယင်းပွဲနှင့် ပတ်သက်၍ တိုင်ဆန်ဖျူရီက "တစ်ကမ္ဘာလုံးက ဆော်ဒီအာရေဗျ ကို စောင့်ကြည့်နေကြမှာပါ။ သမိုင်းတစ်လျှောက် အကောင်းဆုံးလက်ဝှေ့စင်ပေါ်မှာ အန်သိုနီဂျိုရှူအာကို ချေမှုန်းပစ်ရမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး။ အဲဒီပွဲက ကမ္ဘာ့ အကောင်းဆုံး အားကစားပွဲတစ်ခုဖြစ်လာမှာပါ။ ဒါကို လက်လွတ်မခံကြပါနဲ့" ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

WBA (SUPER)၊ WBO နှင့် IBF ချန်ပီယံဟောင်းဖြစ်သူ တိုင်ဆန်ဖျူရီ (၃၂ နှစ်) သည် ပြီးခဲ့သည့်နှစ် ဖေဖော် ၀ါရီလအတွင်းက အမေရိကန်လက်ဝှေ့သမား ဒီယွန်တေး ၀ိုင်လ်ဒါကို အလဲထိုးပြီး WBC ချန်ပီယံခါးပတ်ရရှိထားခြင်း ဖြစ်သည်။ 

ဂျိုရှူအာ (၃၁ နှစ်) မှာလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန်/မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ် ဂျူနီယာနှင့် မကျေပွဲထိုးသတ်ပြီးနောက် ချန်ပီယံခါးပတ် များ ပြန်လည်ရရှိထားခြင်းဖြစ်သည်။ ယင်းနောက်  ရွှေခါးပတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စိန်ခေါ်သူ ပူလက်ဗ်ကို (၉)ချီတွင် အလဲထိုးပြီး အနိုင်ရရှိခဲ့သည်။

ယင်းနေ့ပွဲစဉ်တွင် အခြားလက်ဝှေ့ပွဲစဉ်များလည်း ပါ ဝင်ရာ All-British super-fight ပွဲစဉ်များအဖြစ် သတ် မှတ်ထားပြီး ဗြိတိန်လူမျိုး နာမည်ကျော်လက်ဝှေ့သမား ဟောင်းများ၏ ပွဲစဉ်များအဖြစ် ဒေးဗစ်ဟေယီနှင့် တိုနီဘဲလူး၊ ကားလ်ဖရော့ချ်နှင့် ဂျော့ချ်ဂရိုဗက်စ်၊ ဖရန့်ဘရူနိုနှင့် လင်းနော့လူးဝစ်၊ နိုင်ဂျယ်လ်ဘန်းနှင့် ခရစ္စအူဘန့်တို့၏ ပွဲများလည်း စီစဉ်ထားကြောင်း သိရှိရသည်။ 

Most Read

Most Recent