ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ် အသင်း ရပ်တည်ခဲ့ပြီး ယူရို(၁)ဘီလီယံအထက် တန်ကြေးရှိသည့်အသင်း (၅)သင်းအထိ ရှိနေ

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ် အသင်း ရပ်တည်ခဲ့ပြီး ယူရို(၁)ဘီလီယံအထက် တန်ကြေးရှိသည့်အသင်း (၅)သင်းအထိ ရှိနေ
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းသည် ဗြိတိန်အခြေ စိုက် Brand Finance ကုမ္ပဏီ၏ တွက်ချက်ထုတ်ပြန်မှုအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးအသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Brand Finance ကုမ္ပဏီသည် ကလပ်အသင်းများ၏ အနာဂတ်ခိုင်မာမှု၊ ကစားသမားအင်အား၊ ကွင်းအနေအထား နှင့် စပွန်ဆာဆက်နွယ်မှုများအပေါ် အခြေခံကာ တွက်ချက်ခြင်းဖြစ်ပြီး ရီးယဲလ်အသင်း၏ အမှတ်တံဆိပ်မှာ ယူရို(၁၂၇၆) သန်းတန်ကြေးရှိသည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်အသင်း တန်ဖိုးအကြီးဆုံးဖြစ်နေခြင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စဉ်ဆက်မပြတ်ယှဉ်ပြိုင်ခွင့်ရရှိနေခြင်းနှင့် ဥရောပပြိုင်ပွဲ၌  ပုံရိပ်တစ်ခုကို အခိုင်အမာတည်ဆောက်ထားနိုင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း Brand Finance က ဆိုခဲ့သည်။ ရီးယဲလ်အသင်းသည် Brand Finance ၏ တန်ဖိုးဖြတ်မှုတွင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရီးယဲလ်အသင်း၏နောက်တွင် လာလီဂါထိပ်သီးအသင်းတစ်သင်းပင်ဖြစ်သည့် ဘာစီလိုနာအသင်းက ယူရို (၁၂၆၆)သန်းဖြင့် ရပ်တည်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တတိယ၊ မန်စီးတီး က စတုတ္ထ၊ ဘိုင်ယန်မြူးနစ်က ပဥ္စမနေရာတွင် ရှိခဲ့သည်။ အဆိုပါထိပ်ဆုံး(၅)သင်းမှာ ယူရို(၁)ဘီလီယံအထက် တန်ကြေးရှိသည်ဟု သတ်မှတ်ခံရသည့်အသင်းများလည်း ဖြစ်သည်။ 

ထူးခြားမှုမှာ Brand Finance မှ ထုတ်ပြန်ခဲ့သော တန်ဖိုးအကြီးဆုံးဘောလုံးအသင်းစာရင်း၌ ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် စီးရီးအေကလပ်တစ်သင်းမျှ ပါဝင်မှုမရှိခဲ့ခြင်းဖြစ်သည်။ လာလီဂါနှစ်သင်းက ထိပ်ဆုံးတွင် ဦးဆောင်ခဲ့သော်လည်း ထိပ်ဆုံး(၁၀)သင်းစာရင်း၌ ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ကျန်နှစ်သင်းမှာ ဘွန်ဒစ်လီဂါမှ ဘိုင်ယန်မြူးနစ်နှင့် ပြင်သစ်လီဂူးမှ PSG အသင်းတို့ဖြစ်သည်။

Most Read

Most Recent