ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဆုဖလားကိုင်မြှောက်နိုင်ရန် ပစ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။
မာတီနက်ဇ်သည် တနင်္လာနေ့က ယူရိုပြိုင်ပွဲအတွက် ကစားသမား (၂၆)ဦးစာရင်း ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မာတီနက်ဇ်က "ကျွန်တော်တို့ ကမ္ဘာ့ဖလားတုန်းကထက် ပိုတောင့်တင်းလာပါတယ်။ ကစားသမားအများစုရဲ့ခြေစွမ်းကလည်း ထိပ်တန်းအဆင့် ရောက်နေပါတယ်။ ဒါကြောင့် ယူရိုပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်အောင် ပစ်မှတ်ထားကြိုးပမ်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့ပြီး မာတီနက်ဇ်လက်ထက်တွင် တိုးတက်လာသည့်အသင်းဖြစ်သည်။
ထို့ပြင် ဘယ်လ်ဂျီယံအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများထဲတွင် တစ်သင်းအပါအဝင်လည်း ဖြစ်သည်။















