နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ဆေးဝါးစျေးကွက်အတွင်း ဆေးဝါးအများစု ငါးရာခိုင်နှုန်းမှ ၁ဝရာခိုင်နှုန်းအထိ စျေးမြင့်တက်လျက်ရှိ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ဆေးဝါးစျေးကွက်အတွင်း ဆေးဝါးအများစု ငါးရာခိုင်နှုန်းမှ ၁ဝရာခိုင်နှုန်းအထိ စျေးမြင့်တက်လျက်ရှိ
ရန်ကုန်မြို့ရှိ ဆေးအရောင်းဆိုင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းငြိမ်းသူ)
ရန်ကုန်မြို့ရှိ ဆေးအရောင်းဆိုင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းငြိမ်းသူ)
Published 18 May 2021

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေမှုကြောင့် ဆေးစျေးကွက်အတွင်း ဆေးဝါးအများစု ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ စျေးမြင့်တက်လျက်ရှိကြောင်း ရွှေပြည့်စုံစျေးတွင် ဆေးဝါးရောင်းချလျက်ရှိသော ဆေးဝါး အရောင်းဆိုင်များမှ သိရသည်။

“နိုင်ငံခြားဆေးတွေက စျေးတက်တယ်။ Mask တွေကတော့မတက်ဘူး။ နိုင်ငံခြားဆေးက ၁၀ ရာခိုင်နှုန်းလောက် တက်တယ်။ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ တက်တော့ သူတို့ဝယ်တဲ့ပေါ် မူတည်ပြီး တက်တာပေါ့။ ကုမ္ပဏီတွေကလည်းတက်တယ်။ စျေးကတော့ အတက်ပဲရှိတယ်။ ဆေးစျေးတွေကို ဆွဲတင်လိုက်တာမဟုတ်ဘူး။ ဝယ်ရင်းစျေးတက်လို့ကိုတက်သွားတာ။ ခုက ဝယ်တဲ့သူတွေကလည်း အရင်ကလို လှောင်မထားဘဲနဲ့ လိုသလောက်ပဲဝယ်တော့တာ။ အရင်တုန်းက လှောင်ကုန်တွေရှိတယ်။ စျေးတွေတက်တော့ နည်းနည်းဝယ် နည်းနည်းရောင်း။ မရှိ မရှိ ဆေးတွေပဲဝယ်တော့တာ။ လမ်းကြောင်းတွေပိတ်ထားပေမယ့် ဆေးစျေးကွက်ကတော့ ပုံမှန်တော့ဆေးတွေဝင်နေတယ်”ဟု ရွှေပြည်စုံစျေးကြီးတွင် ဆေးဆိုင် ဖွင့်လှစ်ထားသည့် ကိုဖိုးလှဆေးဆိုင်မှ ကိုဖိုးလှက ပြောသည်။

စျေးကွက်အတွင်း ယခင်ကကဲ့သို့ လှောင်ကုန်များမထားရှိတော့ဘဲ လိုအပ်သလောက်သာ ဝယ်ယူထားပြီး မရှိမဖြစ်ဆေးများကိုသာ ဝယ်ယူထားကြောင်း၊ သို့သော် အရောင်းရပ်ထားသည့် ဆေးဆိုင်များ မရှိသေးကြောင်း ဆေးဝါးရောင်းချသူများက ဆိုသည်။

“ဆေးစျေးတွေကတော့ တက်တယ်။ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တက်တယ်။ ဆေးတွေကတော့ပြတ်လပ်သွားတာ မရှိဘူး။ အစ်မတို့က အိန္ဒိယကတင်သွင်းတဲ့ ဆေးတွေ။ လောလောဆယ်တော့ ဆေးတွေက ထပ်ဝင်ဖို့မရှိသေးဘူး” ဟု ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဆေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ ဆေးဝါးစျေးနှုန်းမြင့်တက်မှုသည် ဆေးကုမ္ပဏီအပေါ်မူတည်ပြီး စျေးအနည်းငယ် ကွာခြားမှု ရှိနိုင်သော်လည်း ရာခိုင်နှုန်း ၈၀ သော ကုမ္ပဏီများတွင် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း ဆေးကုမ္ပဏီများထံမှ သိရသည်။

“ ဆေးစျေးတွေက ၁၀၀၀ လောက် တက်တာရှိတယ်။ ဆေးအကုန်လုံးတော့ မဟုတ်ဘူး။ အရောင်းရပ်သွားတာမျိုးတွေ မရှိဘူး။ ကျွန်တော်တို့ကုမ္ပဏီက အရင်တိုင်း ပရိုမိုးရှင်းပေးတာတွေတော့ ရပ်မသွားဘူး။ ပုံမှန်အတိုင်း ပေးနေတယ်” ဟု မင်္ဂလာစျေးရှိ ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်သူအများစုသောက်သုံးနေရသည့် ဆေးဝါးများ ပစ္စည်းပြတ်လပ်ခြင်းမရှိသော်လည်း အချို့ဆေးဝါးများမှာမူ ပစ္စည်းပြတ်လပ်မှုများ ရှိနေကြောင်းလည်း သိရသည်။

“လတ်တလောမှာ ဘီတာဒင်းကတော့ ပစ္စည်းလုံးဝပြတ်နေတယ်။ တခြားဆေးတွေကတော့ အကုန်လုံးလိုလို စျေးတွေတက်ကြတယ်။ ဘိုင်အိုဂျက်ဆစ်ဆိုရင်ပစ္စည်းက မရတာမဟုတ်ဘူး။ စျေးကတက်နေတော့ ဆိုင်ပေါ်တင်သင့် မတင်သင့် စဉ်းစားနေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးဆိုင်မှ ဆေးရောင်းသူတစ်ဦးက ပြောသည်။

Most Read

Most Recent