ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများ၌ NLD ပါတီက ၎င်းတို့၏ ပါတီဝင်နှင့် အမာခံအချို့ကို ထည့်သွင်း ဖွဲ့စည်းစေခဲ့ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ် ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများ၌ NLD ပါတီက ၎င်းတို့၏ ပါတီဝင်နှင့် အမာခံအချို့ကို ထည့်သွင်း ဖွဲ့စည်းစေခဲ့ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ် ထုတ်ပြန်
Published 17 May 2021

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများကို စစ်ဆေးချက်အရ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို တွေ့ရှိရပြီး NLD ပါတီသည် ၎င်းတို့၏ ပါတီဝင်များနှင့် အမာခံများကို ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ထည့်သွင်းဖွဲ့စည်းစေခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၁၅ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ဂွ၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများကို စစ်ဆေးခဲ့ရာတွင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ယခု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်တွင် NLD ပါတီက ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၌ ထည့်သွင်း ဖွဲ့စည်းပေးရန် ရွေးချယ် တင်ပြလာသည့် NLD ပါတီဝင်များနှင့် ယင်းတို့၏ အမာခံ လူစာရင်းများကို ဝန်ကြီးချုပ်ဟောင်း ဦးညီပု လက်မှတ်ရေးထိုး၍ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံ ပေးအပ်ခဲ့ပြီး ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီဝင်များနှင့် ယင်းတို့၏ အမာခံများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုက သံတွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် သုံးဦးနေရာ၌ ထည့်သွင်းဖွဲ့စည်းပေးရန် လက်ရေးမူဖြင့် ညွှန်ကြားထားသည့်စာအား ယခု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ညွှန်ကြားစာအတိုင်း ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကိုလည်း ဖော်ပြထားသည်။

ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စသည့် မြို့နယ်၊ ခရိုင်များ၏ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင်လည်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင် NLD ပါတီ တာဝန်ရှိသူများက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများထံ လက်ရေးမူဖြင့် ရေးသားထားသည့် NLD ပါတီဝင်များနှင့် ယင်းတို့၏ အမာခံလူစာရင်းများကို ယခု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ လက်ရေးမူများပါ စာရင်းအတိုင်း ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များကိုလည်း ဖော်ပြခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ) တွင် မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ တခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသော မှားယွင်းမှုများ တွေ့ရှိရပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉ (ခ) အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်း မရှိဘဲ ထိုအမည်များကို ထည့်သွင်း မဲပေးခဲ့ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြိုတင်ဆန္ဒမဲ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့် မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး COVID-19 ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပု်ဒမ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုအရ အဆိုပါ ရှစ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၇၇၅၇၃၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၄၁၀၁၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်သူ ၄၇၇၁၂ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent