ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဘဏ်များသို့အပ်ငွေ ကျပ်ဘီလျံ ၂ဝဝကျော် ပြန်လည်အပ်နှံလာကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဘဏ်များသို့အပ်ငွေ ကျပ်ဘီလျံ ၂ဝဝကျော် ပြန်လည်အပ်နှံလာကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
မေ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်အား တွေ့ရစဉ်
မေ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်အား တွေ့ရစဉ်
Published 15 May 2021
ပြည့်ဖြိုးအောင်

ပြီးခဲ့သည့်ရက်သတ္တပတ်တစ်ပတ်အတွင်း ဘဏ်များသို့ အပ်ငွေ ကျပ်ဘီလျံ ၂၀၀ ကျော် ပြန်လည်အပ်နှံလာကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

မေ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်မှာဆိုရင် ငွေသားအသစ် ပြန်အပ်တာဆိုရင် ဘီလျံ ၂၀၀ ကျော်တယ်။ တစ်ပတ်အတွင်းမှာ ဘီလျံ ၂၀၀ ပြန်အပ်လာပြီ။ ဒီမက်ဆေ့က ကျွန်တော်တို့ Banking ထဲကို Participation လုပ်လာပြီး ဆိုတဲ့ မက်ဆေ့ဖြစ်ပါတယ်။ အဲဒီမက်ဆေ့နဲ့ အပြိုင်ပဲ ပြည်သူလူထုယုံကြည်မှုက ဒီဘက်ကို ပူးပေါင်းလာတယ်။ ကျွန်တော်တို့ဘက်က ယာယီချို့ယွင်းသွားတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ဟာကို ပူးပေါင်းဆောင်ရွက်ပြီးတော့ မိုဘိုင်းဒေတာနဲ့ သုံးလို့ရသွားပြီ။ အဲဒီအတွက် မလိုအပ်ဘဲ ဘဏ်ကို သွားစရာမလိုတော့ဘူး” ဟု ဦးဝင်းသော်က ပြောကြားသည်။

ထို့ပြင် စိတ်ချယုံကြည်စွာဖြင့် Digital Banking Application များ အသုံးပြုရသွားပါက တန်းစီငွေထုတ်နေရသည့် ရာခိုင်နှုန်း လျော့သွားမည်ဖြစ်ကြောင်း၊ ယုံကြည်စွာဖြင့် ငွေသားများ ပြန်လည်အပ်နှံနေပါက ယင်းအချက်အလက်များအပေါ် မူတည်၍ ကန့်သတ်ချက်များ တိုတောင်းမည်ဖြစ်ကြောင်း ဦးဝင်းသော်က ပြောကြားသည်။

“ ပုဂ္ဂလိကဘဏ်က ကျွန်တော်တို့ နိုင်ငံ မှာ ၂၆ ဘဏ်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေကလည်း ဒီလူဦးရေပါပဲ။ ဒီဘဏ်တွေ ဒီလူတွေနဲ့ ဒီစီးပွားရေးပဲဖြစ်ပါတယ်။ အဲဒီလူတွေက ပုံမှန်ထုတ်လို့ရတယ်။ ငွေကြိုက်သလောက် ထုတ်လို့ရသလို ကြိုက်သလောက်အပ်လို့ရတယ်။ ATM စက်မှာလဲ လူလေးငါးခြောက်လွဲ၍ မရှိဘူးဆိုတဲ့ အခြေအနေပါ။ အဲဒီအခြေအနေပေါ်မူတည်ပြီးမှ ရိုးရိုးသားသား ထုတ်ချင်တဲ့သူရော၊ သပ်သပ်ကို တန်းစီးပြီးတော့ ဘဏ်တွေရဲ့ယုံကြည်မှု ပျက်အောင် လုပ်တာတွေရော ပူးပေါင်းသွားတဲ့အခါမှာ ဒီအခြေအနေတွေဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က ကန့်သတ်ချက်တွေ ထုတ်ရတယ်။ တချို့ဆိုရင် ATM ကတ် ၁၀ ခုလောက် ကိုင်လာပြီးတော့ တန်းစီးထုတ်တဲ့ ပြဿနာရှိပါတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ဒီလူသည် သူထုတ်ဖို့အတွက် ရိုးသားစွာ ဆောင်ရွက်တာမဟုတ်ပါဘူး” ဟု ဦးဝင်းသော်က ပြောကြားသည်။

လက်ရှိတွင် Mobile Finance Service ဖြစ်သည့် Application များ အသုံးပြုနိုင်ပြီး ဖြစ်သဖြင့် ငွေလိုအပ်ပါက အေးဂျင့်ဆိုင်များတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ အေးဂျင့်ဆိုင်များ၏ ဘဏ်များတွင် ငွေထုတ်ယူမှုကို ကန့်သတ်မထားဘဲ တင်ပြလာသည့် ပမာဏကို ထုတ်ပေးကြောင်း ဦးဝင်းသော်က ပြောကြားသည်။

ထို့ပြင် ဘဏ်များတွင် ချို့ယွင်းချက်ရှိပြီး  အချို့ဘဏ်များနှင့်ဘဏ်ဝန်ထမ်းများ၏ မရိုးသားမှုအပေါ်မူတည်ပြီး ပြည်သူလူထုက ဗဟိုဘဏ်အပါအဝင် နိုင်ငံတော်အုပ်ချုပ်သူများကို အပြစ်တင်ခြင်းများရှိကြောင်း၊ ငွေကို ရာခိုင်နှုန်းဖြင့်ယူ၍ မသမာမှုလုပ်သူများကို အရေးယူမည့်စာရင်းဇယားများရှိသော်လည်း လက်ရှိအခြေအနေတွင် အရေးမယူသေးဘဲ နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent