သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖွယ်မရှိဟု သြစတြေးလျသတင်းတစ်ရပ် ဆို

သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖွယ်မရှိဟု သြစတြေးလျသတင်းတစ်ရပ် ဆို
Published 13 May 2021
Ref:Canberriatimes

မြန်မာနိုင်ငံတွင် အခြေအနေများ ယိုယွင်းနေချိန်၌ သြစတြေးလျအနေဖြင့် ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း Canberriatimes သတင်းတစ်ရပ်တွင် ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ခြင်းသည် ရက် ၁၀၀ ကျော် ရှိလာပြီဖြစ်သော်လည်း အခြေအနေများသည် အားရဖွယ်မရှိသေးကြောင်း သြစတြေးလျ တာဝန်ရှိသူများက ပါလီမန်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးကော်မတီကို မေ ၁၃ ရက်က ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အခြေအနေများ ပိုဆိုးရွားလာမှုအပေါ် သြစတြေးလျက အကြီးအကျယ် စိုးရိမ်မိကြောင်း ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေးဗစ်လူးဝစ္စက ပြောကြားသည်။

နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူ လင်ဒါဝေါ်ထိုင်းဆုန်ကလည်း အရပ်သားများအပေါ် သေစေလောက်သည့်အထိ အင်အားအသုံးပြုခြင်းနှင့် အကြမ်းဖက်ခြင်းမျိုးများကို သြစတြေးလျနိုင်ငံက ပြင်းပြင်းထန်ထန် ထပ်တလဲလဲ ရှုတ်ချကြောင်းနှင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်တွန်းခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

သြစတြေးလျအစိုးရသည် မြန်မာ့တပ်မတော် အရာရှိကြီးငါးဦးကို ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ခရီးသွားလာခွင့် ပိတ်ပင်မှုများ ချမှတ်ထားပြီး အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂကမူ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် သာမက အဖွဲ့အစည်းများကိုပါ ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ထားသည့်အပြင် လက်နက်ရောင်းချမှုကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

ယခုအချိန်တွင် သြစတြေးလျအစိုးရက ထပ်မံ၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဆိုပါက တပ်မတော် ခေါင်းဆောင်များအပေါ် သက်ရောက်မှုနှင့် လူသားချင်းစာနာမှု အကူအညီများအပေါ် အကန့်အသတ် ရှိလာနိုင်ကြောင်းလည်း လင်ဒါဝေါ်ထိုင်းဆုန်က ပြောကြားသည်။

မြေပြင်အခြေအနေတွင် လူထုအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု ရှိမည်ဆိုသည့်တိုင် အတော်အတန်သက်ရောက်မှု နည်းသွားနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

သက်ရောက်မှုများ၊ တိုက်ရိုက်သက်ရောက်မှုရှိစေခြင်းအားဖြင့် မိမိတို့၏ အကျိုးစီးပွားများကို အကောင်းဆုံးဖြစ်ထွန်းစေမည်ဟု ဒေသတွင်းနိုင်ငံတစ်နိုင်ငံအနေဖြင့် စဉ်းစားသုံးသပ်မိကြောင်းလည်း ၎င်းက ဆိုသည်။

သြစတြေးလျ၏သဘောထားသည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကို မထောက်ခံသော အရှေ့တောင်အာရှနိုင်ငံများနှင့် ဂျပန်၊ တောင်ကိုရီးယားတို့နှင့်လည်း တူညီနေခြင်းဖြစ်သည်။

သြစတြေးလျအစိုးရသည် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားခြင်းဖြစ်သည်။

မတ်လအတွင်း မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုင်းငံ့ကြောင်း သြစတြေးလျက ကြေညာထားပြီးဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွက် ဖက်ဒရယ်အစိုးရဘတ်ဂျက်တွင် ဒေါ်လာ ၃၂၅,၀၀၀ လျာထားချက် ပါဝင်နေမှုအပေါ်တွင်လည်း ကာကွယ်ရေးဌာန တာဝန်ရှိသူများကို လွှတ်တော်အမတ်များက မေးခွန်းထုတ်ခဲ့သည်ဟု သိရသည်။

ပြည်ထဲရေးဌာန တာဝန်ရှိသူ မိုက်ကယ် ဝီလာ့ဒ်ကလည်း ပြည်ထဲရေးဌာနအနေဖြင့် သြစတြေးလျကို ယာယီနေထိုင်ခွင့်ဗီဇာဖြင့် ရောက်ရှိနေသော ကျောင်းသားများအပါအဝင် မြန်မာနိုင်ငံသား ၃၄၀၀ ကျော်ကို ဘေးကင်းစွာ နေရပ်ပြန်နိုင်သည်အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ၎င်းတို့ဌာနအနေဖြင့် ကျောင်းသားများကို သြစတြေးလျတွင် နေထိုင်ချိန်အတွင်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Most Read

Most Recent