ယခုနှစ် ကြက်သွန်စျေးကောင်းမရခြင်းနှင့် ပြည်တွင်းရေးအခြေအနေများကြောင့် လာမည့် ကြက်သွန်စိုက်ရာသီတွင် ကြက်သွန်စိုက်ဧက လျော့ကျနိုင်ကြောင်း ကြက်သွန်ကုန်သည်များခန့်မှန်း

ယခုနှစ် ကြက်သွန်စျေးကောင်းမရခြင်းနှင့် ပြည်တွင်းရေးအခြေအနေများကြောင့် လာမည့် ကြက်သွန်စိုက်ရာသီတွင် ကြက်သွန်စိုက်ဧက လျော့ကျနိုင်ကြောင်း ကြက်သွန်ကုန်သည်များခန့်မှန်း
Published 6 May 2021
မင်းလတ်

ယခုနှစ် ကြက်သွန်စျေးကောင်းမရခြင်း ပြည်တွင်းရေးအခြေအနေများကြောင့် လာမည့် ကြက်သွန်စိုက်ရာသီတွင် ကြက်သွန်စိုက် ဧကများ လျော့ကျနိုင်မည့်ဟု ကြက်သွန်ကုန်သည်များက ခန့်မှန်းထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြစ်သား မြင်းခြံ နွားထိုးကြီးမြို့နယ်များတွင် ကြက်သွန်နီကို အဓိက စိုက်ပျိုးကြသည့်ဒေသများဖြစ်ပြီး လက်ရှိအချိန်တွင် ယခင်က ကြက်သွန်မျိုး စေ့စျေး ကျပ် ၄၀၀၀၀ ရှိလျှင် မျိုးစေ့ပစ္စည်း ပြတ်သည်အထိ ဝယ်ယူစိုက်ပျိုးကြပြီး ယခု၌ မျိုးစေ့ ကျပ် ၃၀၀၀၀ စျေးကို ဝယ်ယူသူမရှိသည့်  အခြေအနေဖြစ်နေသည်။

“ ကြက်သွန်စိုက်တောင်သူတွေက စိုက်နေကြသူတွေက စိုက်ကြမှာပါ။ အခုလက်ရှိ အနေအထားအရ စိုက်မည့်သူက နည်းမယ်ထင်တယ်။ အခု ကြက်သွန်မျိုးစေ့ ကျပ် ၃၀၀၀၀ စျေးတောင် ရောင်းမထွက်ဘူး။ စိုက်မည့်သူတွေ နည်းလို့ပါ။ အရင်က ကြက်သွန်မျိုးစေ့စျေး ၄၀၀၀၀ တောင် ပစ္စည်းရှားတယ်။ စျေးကွက်ထဲ မျိုးစေ့ပြတ်တယ် ကုန်တယ်။ အခု ၃၀၀၀၀ စျေးတောင် မျိုးစေ့က ရောင်းမထွက်ဘူး။ လောလောဆယ် တောင်သူတွေလည်း ငွေမထုတ်နိုင်သေးလို့ မစိုက်ကြသေးဘူးထင်တယ်။ စိုက်တာတော့ စိုက်ကြမယ် ထင်ပါတယ်။ ဒီနှစ် ကြက်သွန်ရာသီမှာ တောင်သူက စျေးကောင်းကောင်း မရလိုက်ဘူး။ ဒါပေမဲ့ အစောပိုင်း တောင်သူတွေက တစ်ခု ခံသာတာက ကြက်သွန်ခင်းက ကုန်ထွက်မှုက အရင်က တစ်ဧက ၂၅၀၀ ထွက်ရင် အခုရာသီမှာ တစ်ဧက ၃၅၀၀ ထွက်တော့ စျေးမကောင်းပေမဲ့ မဆိုးဘူးလို့ပြောလို့ရတယ်။ အရင်နှစ်တွေက ရာသီဥတုကြောင့်  အပုပ်အနာအဆာတွေ ထွက်တယ်။ ဒီနစ်က ရာသီဥတုက မှန်တော့ အစောပိုင်း ကြက်သွန်တွေကောင်းကြတယ်။ အခု သင်္ကြန်မတိုင်ခင်ကနေ ကြက်သွန်စျေး တောက်လျှောက် ကျဆင်းတော့ တောင်သူတွေက အခင်းကို ဂရုမစိုက်ကြတော့ ကြက်သွန် အထွက်နှုန်း ကျသွားတဲ့သဘောပါ။ အခုက တောစျေးထိပ်စမှ ၂၅၀ စျေးရှိတာပါ” ဟု မြစ်သားမြို့နယ်မှ ကြက်သွန်ပွဲရုံပိုင်ရှင် ကိုခိုင်က ပြောကြားသည်။

ယမန်နှစ် မေလ ပထမအပတ်က ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာ ၅၀၀ ရှိပြီး ယခုနှစ် မေလ ပထမပတ်တွင် ကြက်သွန်နီ စျေးနှုန်းမှာ တစ်ပိဿာ ၂၅၀ စျေး တောင်သူတို့ ရရှိသည်စျေးဖြစ်သည့် ယခုနှစ် ကြက်သွန်အထွက်နှုန်းကောင်းပြီး ထွက်ရှိမှုများပြားခြင်း ပြည်ပနိုင်ငံများကို တင်ပို့နိုင်မှု မရှိသလောက်ဖြစ်ခြင်းတို့ကြောင်း ကြက်သွန်စျေးကောင်းမရရှိဘဲ တောင်သူတို့ အရှုံးပေါ်ခဲ့သည်။

Most Read

Most Recent