စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရီးယဲလ်ကိုအနိုင်ယူပြီး All English Final ဖန်တီးခဲ့တဲ့ ချယ်လ်ဆီး

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရီးယဲလ်ကိုအနိုင်ယူပြီး All English Final ဖန်တီးခဲ့တဲ့ ချယ်လ်ဆီး
Photos : UEFA Champions League, Mason Mount Twitter
Photos : UEFA Champions League, Mason Mount Twitter
Published 6 May 2021

ချယ်လ်ဆီးအသင်းအတွက်တော့ အချိုမြိန်ဆုံးသောအခိုက်အတန့်တွေပဲ။ မက်ဒရစ်မြေမှာ ရီးယဲလ်ကို ကျေနပ်လောက်စရာခြေစွမ်းနဲ့ သရေကစားနိုင်ခဲ့သလို အခုအိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ထိုက်ထိုက်တန်တန်အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီကိုတက်ရောက်သွားခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ ရာသီဝက်မှ အသင်းကိုကိုင်တွယ်ခဲ့ရပေမဲ့ အချိန်တိုအတွင်းမှာပဲ အကောင်းဆုံးသောအသင်းတစ်သင်းကို စုစည်းနိုင်ခဲ့ပြီး ချယ်လ်ဆီးကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်နဲ့ အောင်နိုင်လိုစိတ်တွေကို အတိုင်းသားမြင်တွေ့ခဲ့ရတဲ့ပွဲလည်းဖြစ်တယ်။

ချန်ပီယံလိဂ်ရဲ့အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်ကတော့ ချယ်လ်ဆီးအသင်းကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပြီး ဇီဒန်းအနေနဲ့ အနာဂတ်မှာ ရီးယဲလ်အသင်း အောင်မြင်မှုတွေပြန်ယူဖို့ဆိုရင် ကြီးမားတဲ့ပြင်ဆင်မှုတွေပြုလုပ်ရမယ်ဆိုတာ မီးမောင်းထိုးပြခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲအတွက် သေချာပြင်ဆင်လာခဲ့ပြီး တိုက်စစ်မှာ ဗာနာ၊ မေဆန်မောင့်၊ ဟာဗက်ဇ်တို့ကိုတွဲဖက်ကာ ကွင်းလယ်မှာတော့ ကွန်တေ၊ ဂျော်ဂျင်ဟိုနဲ့အတူ အက်ဇ်ပီလီကွယ်တာ၊ ဘင်ချီဝဲလ်တို့ရဲ့ တောင်ပံတိုးအားတွေနဲ့ ရီးယဲလ်အသင်းကို ဟန်ချက်ညီညီဖိအားပေးနိုင်ခဲ့ပါတယ်။

ပထမအကျော့တွေ့ဆုံမှုမှာ ရီးယဲလ်ကွင်းလယ်ကစားကွက်ကို ဖျက်ဆီးနိုင်ခဲ့တဲ့ ကွန်တေဟာ ဒီနေ့ပွဲမှာလည်း ရီးယဲလ်အသင်းကို အလုပ်ရှုပ်စေခဲ့ပြီး သူ့ရဲ့ရုန်းအား၊ တိုးအားတွေက ချယ်လ်ဆီးအသင်းရဲ့ နိုင်ပွဲအတွက်အရေးပါခဲ့ပါတယ်။

ရီးယဲလ်အသင်းမှာ ရာမို့စ်၊ ဖာလန်းမန်ဒီ၊ ဟာဇက်တို့ပွဲထွက်လာခဲ့ပေမဲ့ ထူးထူးခြားခြားပြောင်းလဲတဲ့စွမ်းဆောင်ရည်မျိုးမပြနိုင်ခဲ့ဘဲ ဘန်ဇီမာတစ်ဦးတည်းကိုတည်ပြီး ဂိုးရဖို့ကြိုးစားခဲ့တဲ့ ဇီဒန်းရဲ့ ကစားကွက်က ချယ်လ်ဆီးအသင်းခံစစ်ကို ဖိအားပေးဖို့ခက်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး ချိန်ဆကစားခဲ့လို့ ပွဲကအေးသလိုဖြစ်ခဲ့ပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းက လျင်မြန်တဲ့တိုက်စစ်ဆင်မှုတွေနဲ့ ရီးယဲလ်အသင်းကို ဖိအားပေးလာပါတယ်။

ချယ်လ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို ဗာနာ၊ ကွန်တေတို့ရဲ့တွဲလုံးကနေ ဟာဗက်ဇ်ရရှိသွားခဲ့ပြီး ဂိုးသမားကော်တိုအာကို ကျော်ကန်သွင်းယူရာမှာ ဘားတန်းထိထွက်ခဲ့ပေမဲ့ အသင့်ရှိနေတဲ့ ဗာနာက ပွဲချိန် (၂၈)မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်မှာ ချယ်လ်ဆီးအသင်းအတွက် ဗာနာဂိုးသွင်းခဲ့ပေမဲ့ လူကျွံနေခဲ့လို့ ရီးယဲလ်သက်သာရာရခဲ့တာပါ။

ဂိုးရပြီးချိန်မှာလည်း ချယ်လ်ဆီးအသင်းကပဲ ပွဲကိုစိုးမိုးထားခဲ့ပြီး ရီးယဲလ်အသင်းက ချေပဂိုးပြန်ရဖို့ဆိုတာထက် ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်အားနဲ့ စနစ်တကျရှိတဲ့ ခံစစ်စုဖွဲ့မှုကို ကျော်လွန်ဖို့ကြိုးစားရင်းနဲ့ပဲအချိန်ကုန်နေခဲ့တာပါ။

အသင်းဟောင်းနဲ့တွေ့တဲ့ပွဲမှာ ဟာဇက် ထူးထူးခြားခြားမစွမ်းဆောင်နိုင်ခဲ့သလို ဗင်နီစီယပ်စ်၊ မန်ဒီတို့ရဲ့တိုးအားတွေကလည်း ချယ်လ်ဆီးခံစစ်ကိုကျော်ဖြတ်ဖို့မလုံလောက်ခဲ့ပါဘူး။

ဒါ့အပြင် ရီးယဲလ်အသင်းက ဘန်ဇီမာကန်ချက်နဲ့ ခေါင်းတိုက်ချက်ကို ချယ်လ်ဆီးဂိုးသမားမန်ဒီ အံ့အားသင့်ဖွယ်လက်စွမ်းပြကာကွယ်ခဲ့လို့လည်း ရီးယဲလ်အသင်းချေပဂိုးနဲ့ဝေးခဲ့ရတာပါ။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ရီးယဲလ်အသင်းချေပဂိုးရဖို့ကြိုးစားလာတဲ့ ဒုတိယပိုင်းမှာတော့ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီးအသင်းကလည်း နောက်ထပ်ဂိုးတွေရဖို့ ပိုမိုတိုက်စစ်ဆင်လာတာကြောင့် ရီးယဲလ်အသင်းခံစစ် တစ်ချိန်လုံးအလုပ်ရှုပ်ခဲ့တာပါ။

ရီးယဲလ်အသင်းအနေနဲ့ သူတို့အားသာတဲ့ တည်ကန်ဘောတွေ၊ အမြင့်ဘောတွေကနေ ချေပဂိုးရဖို့ကြိုးစားလာခဲ့ပေမဲ့ သီယာဂိုဆေးလ်ဗားနဲ့ ရူဒီဂါတို့ဦးဆောင်တဲ့ ချယ်လ်ဆီးခံစစ်က အမှားအယွင်းမရှိခဲ့ဘဲ ရီးယဲလ်ရဲ့တိုက်စစ်ဆင်မှုတွေကိုတည်တည်ငြိမ်ငြိမ်ပဲခုခံသွားခဲ့တာပါ။

ဇီဒန်းဟာ ဒုတိယပိုင်းမှာ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ရိုဒရီဂိုတို့ကိုထည့်သွင်းပြီး လူငယ်တွေရဲ့လျင်မြန်တဲ့ကစားအားနဲ့ အခွင့်အရေးယူဖို့ကြိုးစားပေမဲ့ မထိရောက်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကပဲ ကစားကွက်ပိုစီးနိုင်ခဲ့သလို အခွင့်အရေးတွေများကြီးရခဲ့ပေမဲ့ ဟာဗက်ဇ်၊ မောင့်၊ ကွန်တေတို့အသုံးမချနိုင်ခဲ့လို့ ရီးယဲလ်အသင်း ဂိုးတွေထပ်မပေးခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းက ပူလီဆစ်ဝင်လာပြီးနောက်ပိုင်းမှာ တိုက်စစ်ကစားပုံပိုမြိုင်လာခဲ့ပြီး ဒုတိယဂိုးကိုလည်း ပွဲချိန် (၈၅)မိနစ်မှာ ပူလီဆစ်ရဲ့ဖန်တီးပေးမှုကနေ မေဆန်မောင့်က ပြေးပိတ်သွင်းယူပြီး ချယ်လ်ဆီးအသင်းကို ဗိုလ်လုပွဲတက်ဖို့ သေချာစေခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ ချယ်လ်ဆီးအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး (၂-၀)ဂိုးရလဒ်နဲ့ပဲအနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် (၃-၁)ဂိုးနဲ့အတူ အစ္စတန်ဘူလ်မှာကျင်းပမယ့် ဗိုလ်လုပွဲဆီကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ၂၀၀၈၊ ၂၀၁၂ ပြိုင်ပွဲများအပါအဝင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၃)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ALL English Final အဖြစ် မေလ (၂၉)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

Most Read

Most Recent