သာဂရစက်မှုနယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူခဲ့သော်လည်း လျှောက်ထားတင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင် မရှိ

သာဂရစက်မှုနယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူခဲ့သော်လည်း လျှောက်ထားတင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင် မရှိ
Published 5 May 2021

သာဂရစက်မှုနယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူခဲ့သော်လည်း လျှောက်ထားတင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်မရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်ခြင်း၊ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးရေးနှင့် စက်မှုလုပ်ငန်းများ ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်းဖြင့် Regulatory Body အဖြစ် ရပ်တည်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းလျှော့ချ၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Private Public Partnership-PPP အဖြစ် အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သာဂရစက်မှု နယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူခဲ့သော်လည်း လျှောက်ထားတင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင် မရှိခဲ့ကြောင်း၊ အချို့နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတော်အတွက် အကျိုးရှိအောင် အသုံးချနိုင်မည့် အခြားသင့်လျော်သည့် ဝန်ကြီးဌာနတစ်ခုခုက တောင်းခံလာပါက လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

ပြည်တွင်း၌ စက်မှုဇုန်တည်ထောင်လုပ်ကိုင်ခြင်းကို ဦးစားပေးမြှင့်တင်မည့်ကဏ္ဍများတွင် ထည့်သွင်းထားပြီး  အမှန်တကယ်လုပ်ကိုင်နိုင်မည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

“ စက်မှုဇုန်တစ်ခုကို Developer လုပ်မယ်ဆိုပြီးတော့ ကိုယ်တကယ်လုပ်နိုင်စွမ်းမရှိဘဲနဲ့  အခွင့်အရေးကို ရအောင်ယူထားတယ်။ ပြီးတော့ လာပြီးရင်းနှီးမြှုပ်နှံမှုရှိလား၊ တစ်ယောက်ချင်း တစ်ယောက်ချင်းကိုခေါ်ပြီး နေရာပေးပြီး Develop လုပ်တယ်ဆိုတာ နည်းလမ်းမမှန်ပါဘူး။ အဲဒီတော့ Developer ပိုင်းကိုလည်း Consortium ဖြစ်ဖြစ် တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေကို ပေးမယ်။ ဒါပေမဲ့ အရင်တုန်းကလို သူများအရင်းအနှီးကို ကိုယ့်ရင်းအနှီးဖြစ်တယ်ဆိုပြီး Develop လုပ်တာမျိုးကို လက်မခံပါဘူး။ တကယ်လုပ်နိုင်ရမယ်။ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း လုပ်နိုင်ရမယ်။ ပြည်တွင်းကဖြစ်စေ ပြည်ပကဖြစ်စေ လုပ်ကိုင်ခွင့်ပေးမယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စက်မှုဇုန်တည်ထောင်လုပ်ကိုင်မည့်သူ (Developer) များအနေဖြင့် စက်မှုဇုန်အတွင်း လိုအပ်သည့် လျှပ်စစ်မီး၊ ရေ၊ ရေဆိုး သန့်စင်သည့်လုပ်ငန်း စသည့်လိုအပ်ချက်အားလုံးကို တာဝန်ခံ ရင်းနှီးလုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄ ဘီလျံကျော်နှင့် ကျပ် ၂၈၇ ဘီလျံကျော် တန်ဖိုးရှိ စက်မှုဇုန်သုံးဇုန်အထိ တည်ဆောက်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းတစ်ခုကို ဒေါ်လာ ၃၄ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းပမာဏသည် ယခုနှစ်အတွင်း ဝင်ရောက်ခဲ့သည့် ကဏ္ဍအလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ သုည ဒသမ ၆ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

Most Read

Most Recent