မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေးစာပို့ရထားခရီးစဉ်ကို မေ ၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲ

မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေးစာပို့ရထားခရီးစဉ်ကို မေ ၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲ
ရန်ကုန်-မန္တလေးခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်
ရန်ကုန်-မန္တလေးခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်
Published 5 May 2021

မြန်မာ့မီးရထားက ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေးစာပို့ရထားခရီးစဉ်အား မေလ ၆ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ “ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး စာပို့ရထား ခရီးစဉ်ကို မေ ၆ ရက် နံနက် ၇ နာရီကနေစတင်ပြီး ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့မီးရထားက  ကိုဗစ်ကာလ ခရီးသည်စီးနင်းမှု လျော့နည်းခြင်းကြောင့် ရပ်နားထားသည့် ရထားခရီးစဉ်များအနက် အချို့အား ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်စီးနင်းမှု ပေါ်မူတည်၍ လူစီးရထားများ ထပ်မံပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ကိုဗစ်ကာလမှာ ခရီးသည်စီးနင်းမှု လျော့နည်းတာကြောင်း ခရီးဝေးရထားနဲ့  မြို့့ပတ်ရထားခရီးစဉ်အချို့ကို ပြေးဆွဲမှုရပ်နားထားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ခရီးသည်စီးနင်းမှုပေါ်မူတည်ပြီး ရထားခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ရထားခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲဖို့စီစဉ်နေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့မီးရထားက မန္တလေး-ကောလင်း လမ်းပိုင်းတွင် RBE နှစ်တွဲပါ ရထားဆိုင်းဖြင့် ဧပြီ ၂၆ ရက်မှ စတင်ကာ မန္တလေး-ကောလင်းခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပြည် စာပို့ ရထားခရီးစဉ်အား ဧပြီ ၂၄ရက်တွင် ပြန်လည် ပြေးဆွဲခဲ့ပြီးရန် ကုန်မြို့ပတ်ရထားခရီးစဉ် အပါအဝင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များအား ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားသည် ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရထားခရီးစဉ်များအနက် အချို့အား ပြန်လည်ပြေးဆွဲခဲ့ရာ ဧပြီ ၂၄ရက်တွင် ယခင် ကြည့်မြင်တိုင်-ပြည် စာပို့ရထားခရီးစဉ်အား ရန်ကုန်ဘူတာကြီးမှ စတင်ကာ ရန်ကုန်-ပြည် ရထားခရီးစဉ်အား စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ် ၈ အစုန် လူစီးရထားနှင့် နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် RBE လူစီးရထားခရီးစဉ်များအား ဧပြီ ၄ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်- မော်လမြိုင်-ရေး-ထားဝယ်၊ ရန်ကုန်-ပြည်၊ မန္တလေး-လားရှိုး စသည့် ရထားလမ်းပိုင်းများနှင့် အခြားလမ်းပိုင်းအသီးသီးတွင် လူစီးအမြန်ရထား၊ လူစီးစာပို့ရထား၊ လူစီးရထား၊ ခရီးတိုရထားများနှင့် ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်များကို ရထားစင်းရေ တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ယခင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစဉ် ရထားလမ်းကွန်ရက် တစ်လျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်းတို့ဖြင့် ခရီးဝေးရထားစုစုပေါင်း ၁၅၆ စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း ၂၁ ဆိုင်းဖြင့် ၁၆၈ ခေါက်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent