လက်ရှိအခြေအနေများကြောင့် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်ကုန်နှင့် အော်ဒါသစ်ရရှိမှု နှစ်ရပ်စလုံးမှာ ငါးဆအမြန်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း PMI ဖော်ပြ

လက်ရှိအခြေအနေများကြောင့် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်ကုန်နှင့် အော်ဒါသစ်ရရှိမှု နှစ်ရပ်စလုံးမှာ ငါးဆအမြန်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း PMI ဖော်ပြ
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့်ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့်ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
Published 4 May 2021

လက်ရှိအခြေအနေများကြောင့် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်ကုန်နှင့် အော်ဒါအသစ်ရရှိမှု နှစ်ရပ်လုံးမှာ ငါးဆအမြန်နှုန်းဖြင့် ကျဆင်းလာခဲ့ကြောင်း မေလ ၃ ရက်က  ထုတ်ပြန်ထားသည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းအများအပြား ဆက်လက်ပိတ်ထားရခြင်းနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းကုန် ထုတ်လုပ်မှုအခြေအနေများ သိသိသာသာ ထပ်မံကျဆင်းလာနေကြောင်း ဧပြီ PMI အညွှန်းကိန်းအချက်အလက်များက ဖော်ပြခဲ့သည်။

Purchasing Manager’Index (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်းကိန်း ငါးခုကို တွက်ချက်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ PMI အစိတ်အပိုင်း ငါးခုလုံး၌ (ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်မှအပ) ကျန်လေးခုမှာ ကျဆင်းခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထုတ်ကုန်နှင့် အော်သစ် နှစ်ရပ်လုံးမှာ စစ်တမ်းသမိုင်းတွင် ငါးဆအမြန်ဆုံးနှုန်းဖြင့် စံချိန်တင်ကျဆင်းခဲ့ပြီး သိုလှောင်ထားသည့် ဝယ်ကုန်များနှင့် အလုပ်နေရာများမှာ သုံးဆမှ လေးဆအမြန်နှုန်းဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

အဓိကအကျဆုံး IHS Markit မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း-ကုန်ထုတ်လုပ်မှုစွမ်းပကားများကို ပြသပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်းမှာ ပြီးခဲ့သည့် မတ်လတွင် ၂၇ ဒသ မ ၅ ရှိနေရာမှ ဧပြီလတွင် ၃၃ သို့တက်သွားခြင်းက မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွင်း လုပ်ငန်းလည်ပတ်မှုအခြေအနေ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာမှုကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

ယင်းကာလတွင်း အနာဂတ် ၁၂ လအတွက် မျှော်မှန်းချက်မှာ ဧပြီလတွင် ထပ်မံ ဆုတ်ယုတ်လာခဲ့ခြင်း ဖြစ်သည်။ အနာဂတ်ကို မျှော်မှန်းကြည့်ရာတွင် ကုမ္ပဏီကြီးများက ၂၀၂၂ ဧပြီလတွင် ယေဘုယျအားဖြင့် ထုတ်ကုန်များ မြင့်တက်လာမည်ဟု မျှော်လင့်နေကြသော်လည်း ခြုံပြောရလျှင် မျှော်မှန်းချက်များမှာ နှစ်နှစ်ကျော်အတွင်း အားအနည်းဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧပြီလတွင် မတ်လထက် ကုမ္ပဏီကြီးများ၏ ထုတ်လုပ်မှုသည်ရာခိုင်နှုန်း ၆၀ ခန့် ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ကုန်ကြမ်းများပြတ်လပ်မှု၊ ငွေကြေးလဲလှယ်မှုနှုန်း မကောင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှု ပေါင်းဆုံမိခြင်းက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ သွင်းကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှုန်းကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဝယ်လိုအား အားလျော့နေသည့် အခြေအနေက ကုမ္ပဏီကြီးများအတွက် ကုန်ကျစရိတ်ဝန် ထုတ်ဝန်ပိုးများကို တစ်ဆင့်လွှဲချပေးရန် မလွယ်ကူသောကြောင့် ရောင်းစျေးများကို ဧပြီလတွင် အသင့်အတင့်မျှသာ မြှင့်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်း ဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Most Read

Most Recent