နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘောတူထားသည့် ဘုံသဘောတူညီချက်များကို တာဝန်ခံစေရေး ထိန်းသိမ်းပေးရန် အမေရိကန်က အာဆီယံဥက္ကဋ္ဌကို ဖိအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘောတူထားသည့် ဘုံသဘောတူညီချက်များကို တာဝန်ခံစေရေး ထိန်းသိမ်းပေးရန် အမေရိကန်က အာဆီယံဥက္ကဋ္ဌကို ဖိအားပေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (ဝဲ) နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆွတ် (ယာ) တို့ မေ ၃ ရက်က လန်ဒန်မြို့၌ တွေ့ဆုံစဉ်(Photo:အန်တိုနီဘလင်ကင်၏ Twitter)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (ဝဲ) နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆွတ် (ယာ) တို့ မေ ၃ ရက်က လန်ဒန်မြို့၌ တွေ့ဆုံစဉ်(Photo:အန်တိုနီဘလင်ကင်၏ Twitter)
Published 4 May 2021
Ref: RFA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည်  အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားသော ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် မေ ၃ ရက်က လန်ဒန်မြို့တွင် တွေ့ဆုံကာ လွန်ခဲ့သည့်လက ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူထားသည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို ပြန်သွားရေးနှင့် အကြမ်းဖက်မှုများ အဆုံးသတ်စေရေးတို့အတွက် သံတမန်ရေးအရ ကြိုးပမ်းရာ၌ အာဆီယံအနေဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကို ဆွဲဆောင်သိမ်းသွင်းရန် အားထုတ်မှုများ လုပ်ဆောင်နေသည့်အကြား အဆိုပါနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လန်ဒန်မြို့၌ ပြုလုပ်သည့် ဂျီ- ၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆွတ်တို့ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာ၌ အာဆီယံ၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဥက္ကဌအဖြစ် ဘရူနိုင်းနိုင်ငံက ဆောင်ရွက်ပေးသည့်အတွက်  ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆွတ်ကို ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘုံသဘောတူညီချက်အစီအစဉ်ကို တာဝန်ခံရေး ထိန်းသိမ်းပေးရန် အာဆီယံကို တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ဆိုသည်။

ယခုနှစ်အတွက် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကို ဘရူနိုင်းနိုင်ငံက ယူထားခြင်းဖြစ်သည်။

ဧပြီ ၂၆ ရက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက နိုင်ငံတော်တည်ငြိမ်မှု ရရှိပြီးမှသာ ၎င်းအနေဖြင့် သဘောတူညီချက်နှင့်ပတ်သက်၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံအရေး အာဆီယံဘုံသဘောတူညီချက်သည် အလျင်အမြန် ပျက်ပြယ်သွားသကဲ့သို့ ဖြစ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်များ အဆုံးသတ်သွားစေရန်နှင့် မြန်မာနိုင်ငံ၏ အပြိုင်ဖြစ်နေသည့် ဘက်များအကြား အပြန်အလှန် ဆွေးနွေးမှုကို မြှင့်တင်ရန် ဘုံသဘောတူညီချက်ဟု ခေါ်ဆိုသော အချက် ငါးချက်ကို အာဆီယံက ထုတ်ပြန်ခဲ့သည်။

အဆိုပါအချက်ငါးချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊  မြန်မာပြည်သူများ အကျိုးစီးပွားနှင့် ကိုက်ညီသော အေးချမ်းသည့်ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရေး သက်ဆိုင်ရာပါတီအဖွဲ့ အစည်းများအားလုံးအကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန် ဖြစ်သည်။

၎င်းအပြင် အာဆီယံအတွင်းရေးမှူးချုပ်၏ကူညီမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က အဆိုပါညှိနှိုင်းဆွေးနွေးမှုတွင် ကြားဝင်စေ့စပ်ပေးရန်၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာနမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အာဆီယံက ပေးရန်၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်တို့လည်း ပါဝင်သည်။

သို့သော် အာဆီယံ၏ ဘုံသဘောတူညီချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးကိစ္စ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။