မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ  ၇၀၀၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ  ၇၀၀၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
Published 4 May 2021

မွန်ပြည်နယ်ရှိမုဒုံမြို့နယ်နှင့် ရေးမြို့ နယ်တို့တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၇၂၈၃၀ ရှိကြောင်း ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်ရှိ အဆိုပါ မြို့နယ်နှစ်ခုတို့၏ မဲဆန္ဒရှင် စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန်မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပြီး ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများစိစစ်တွေ့ရှိမှုနှင့်ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ်ရှိ အဆိုပါ မြို့နယ် နှစ်ခုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၄၁၉၈ ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်နေသူ ၄၂၆၃၈ ရှိကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ မွန်ပြည်နယ်ရှိ အဆိုပါ မြို့နယ်နှစ်ခုတို့၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သက်ဆိုင်ရာမြို့နယ်များရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ထိုသို့ မြေပြင်စစ်ဆေးချက်များအရ အဆိုပါ မြို့နယ်နှစ်ခုတွင် မဲရုံပေါင်း၂၃၃ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၄၄၄၈၃ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၂၅၈၅၇ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၂၁၈၆၂၆ ၊ မြေပြင်လက်ကျန် ၂၁၄၀၂၂ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွာခြားချက်အနေဖြင့် အဆိုပါ မြို့နယ် နှစ်ခုတွင် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းပျောက်ဆုံးနေသော မဲလက်မှတ်အရေအတွက် ၆၉၂၃ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၂၃၁၉ ဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရား မဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။