ပြည်သူများ၏ ငွေသားလိုအပ်ချက်နှင့် ဘဏ်များ၏လားရာ

ပြည်သူများ၏ ငွေသားလိုအပ်ချက်နှင့် ဘဏ်များ၏လားရာ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 3 May 2021

“မနက် ၄ နာရီလောက်ဆို လာကြည့်ပါလား။ ထိုင်ခုံလေးတွေချထားပြီး နေရာဦးထားကြတာ” ဟု  ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM စက်တွင် ငွေထုတ်ယူရန် လာရောက်စောင့်ဆိုင်းရသည့် အခြေအနေကို လာရောက်ငွေထုတ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြို့နယ်အများစုရှိ ပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ငွေလာရောက်ထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့်လူအုပ်ကြီးကို တွေ့မြင်နေရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ညမထွက်ရအမိန့်အဖြစ် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားသော်လည်း ATM စက်များတွင် ငွေလာရောက် ထုတ်ယူသည့်သူများမှာ နံနက် ၄ နာရီ နောက်ပိုင်းတွင် သွားရောက်တန်းစီမှုများ ရှိနေသည်ကို စုံစမ်းသိရှိရသည်။

“ကျွန်တော် နံနက် ၄ နာရီ နောက်ပိုင်း အစောဆုံးသွားတန်းစီတာတောင် ကိုယ့်ရှေ့မှာ လူကအယောက် ၂၀ လောက်ရှိတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM စက်တွင် ငွေသွားရောက် ထုတ်ယူသူ တစ်ဦးကပြောကြားခဲ့သည်။

လတ်တလောဖြစ်ပေါ်နေ သည့် ဘဏ်ဂယက်ကြောင့် ကာလတိုအကျိုးအမြတ်များပြားသည့် ရွှေနှင့်နိုင်ငံခြားငွေကြေးစျေးကွက်တွင် လူအများ ပိုမိုရင်းနှီးမြှုပ်နှံလာကြသည့်အတွက် ရွှေနှင့်ဒေါ်လာ စျေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့သကဲ့သို့ ဘဏ်များထံမှ ငွေပြန်ထုတ်ရန် သံသယများစွာဖြစ်ပေါ်စေခဲ့သော ကောလာဟလများလည်း ထွက်ရှိလာခဲ့သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ်

ထို့ပြင် ဘဏ်များတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုမရှိခြင်း၊ ငွေသားထုတ်ယူရန် ခက်ခဲခြင်း၊ ATM စက်များတွင်ပင် လိုအပ်ချက်အတိုင်း ထုတ်ယူရရှိနိုင်မှုမရှိခြင်းကလည်း ပြည်သူများ၏ စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။

သို့သော်လည်း ပုဂ္ဂလိဘဏ်အချို့တွင် ငွေသားထုတ်ယူရန် လိုအပ်သည့် Customer များအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဘဏ်ခွဲအချို့ကို ဧပြီ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ရိုးမဘဏ်က ဧပြီ ၂၀ ရက်တွင် ဘဏ်ခွဲအချို့ စတင်ဖွင့်လှစ်လျက်ရှိပြီး နေ့စဉ်ဖွင့်လှစ်မည့်ဘဏ်ခွဲများကို Customer များသို့ အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးမည်ဖြစ်ကြောင်း၊ Customer များ ငွေသားထုတ်ယူရန် လိုအပ်ပါက ကြိုတင်ဆက်သွယ်ပေးရန် လိုအပ်ကြောင်း ယင်းဘဏ်က ထုတ်ပြန်ခဲ့သည်။

အလားတူ CB ဘဏ်ကလည်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် Customer များ နှောင့်နှေးကြန့်ကြာမှု လျော့နည်းစေရန် တိုကင်စနစ် ပြုလုပ်ထားပြီး သက်ဆိုင်ရာ ဘဏ်ခွဲအလိုက် တိုကင်ပေးမည့် အချိန်နှင့် သတ်မှတ်တိုကင် အရေအတွက်ကိုလည်း ကြိုတင်ကြည့်ရှုနိုင်သည်ဟု ယင်းဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အချို့၏ ATM စက်များတွင် ဧပြီ ၂၀ ရက်က ငွေထုတ်ယူသူများပြားပြီး တန်းစီစောင့်ဆိုင်းရသည်အထိ များပြားခဲ့သည်။ ငွေထုတ်ယူသူများသည် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နှင့် ရိုးမဘဏ်များ၏ ATM စက်များ၌ အများဆုံး ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ မြန်မာပလာဇာရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

KBZ ဘဏ်၏ ATM စက်များတွင် တစ်နေ့အများဆုံး ကျပ်နှစ်သိန်းသာ ထုတ်ယူနိုင်မည်ဖြစ် ကြောင်း မတ် ၃၀ ရက်က KBZ ဘဏ်က ထုတ်ပြန်ထားသည်။

ရိုးမဘဏ် ATM များတွင် Customer များ မျှတစွာ ငွေထုတ်ယူရာတွင်တစ်နေ့လျှင် အများဆုံးကျပ်သုံးသိန်းအထိ ထုတ်ယူနိုင်ကြောင်း၊ ငွေထုတ်ယူပါက တစ်ကြိမ်ထုတ်လျှင် ATM ကတ်တစ် ကတ်သာ အသုံးပြုထုတ်ယူခြင်းဖြင့် မိမိနောက်တွင် တန်းစီနေသူများ၏ စောင့်ဆိုင်းမှုကို စာနာနားလည်ပေးရန်နှင့် ATM နောက်တစ်ကတ်ဖြင့် ထုတ်ယူလိုပါက ပြန်လည်တန်းစီပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း ဧပြီ ၂၀ ရက်က ရိုးမဘဏ်က ထုတ်ပြန်ထားသည်။

CB ဘဏ်၏ ATM စက်များတွင် အများပြည်သူ သွားရောက်ငွေထုတ်ယူနိုင်ရန် ငွေသားဖြည့်တင်းပေးခြင်းကို ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် CRM (ငွေသွင်း/ငွေထုတ်) စက်များတွင် ငွေသားပေးသွင်းနိုင်ရန်လည်း စီစဉ်ပေးလျက်ရှိကြောင်း ယင်းဘဏ်က ထုတ်ပြန်ထားသည်။

“တစ်နေ့တစ်နေ့ ATM မှာ တန်းစီရတာက အလုပ်တစ်လုပ်ပဲ။ မြန်မာငွေကမှ တန်းစီပြီး နည်းနည်းချင်း ထုတ်လို့ရနေသေးတယ်။ ဒေါ်လာဘဏ်စာရင်းရှိတဲ့သူတွေ  ဒီအတိုင်းငုတ်တုတ် ဖြစ်နေပြီ။  ငွေထုတ်ဖို့တန်းစီရာမှာလည်း နေရာဦးခ တစ်ယောက်ကိုသောင်းနဲ့ချီ ပေးရတဲ့အထိ ဖြစ်နေတယ်။ ဒါတောင် ထုတ်ချင်တိုင်းထုတ်မရဘူး။ တချို့ပိုင်ရာဆိုင်ရာတွေနဲ့ လိုသလောက် ထုတ်နေကြတယ်ပြောတယ်။ သာမန်လူတွေကတော့ တန်းစီပေါ့။ ငွေတွေ လွယ်လွယ်ထုတ်လို့ရအောင် လုပ်ပေးမှဖြစ်တော့မယ်။မဟုတ်ရင် အခြေအနေကဆက်ပြီး မတွေးရဲစရာပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အခြေအနေများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ မြန်မာပလာဇာရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ်

ပြည်သူများအနေဖြင့်  ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြရန်လည်း ဧပြီ ၇ ရက်က ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဘဏ်များအပေါ် ပြည်သူလူထုယုံကြည်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်အချို့ကို အရေးယူပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများကို မသမာသူများက ထုတ်လွှင့်လျက်ရှိကြောင်း၊ အဆိုပါသတင်းမှားများကြောင့်  ပြည်သူအချို့သည် စိုးရိမ်ပူပန်ပြီး ဘဏ်များမှငွေကြေးများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူခြင်း၊ ဘဏ်များသို့ အပ်နှံမည့်ငွေကြေးများကို  ဆိုင်းငံ့ထားခြင်း စသည်ဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံး စနစ်တကျလုပ်ငန်းများ ဆောင်ရွက်ရန် အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအားလုံး သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်  စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း ဧပြီ ၇ ရက်က ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အွန်လိုင်းငွေပေးချေမှုများဆောင်ရွက်နိုင်ပြီဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သော်လည်း ATM စက်များ၌ ငွေသားထုတ်ယူသူ လျော့ကျသွားခြင်းမရှိဘဲ နံနက် ၄ နာရီကျော်ကတည်းက လာရောက် တန်းစီသူများရှိနေကြောင်း ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ငွေလာထုတ်သူများက ပြောကြားသည်။

ဘဏ်ငါးခု၏ Online ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများကို မိုဘိုင်းအင်တာနက်ဖြင့် စတင်ပေးအပ်နေ ပြီဖြစ်ကြောင်း ဧပြီ ၂၉ ရက် ညပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် ဘဏ်ငါးခုမှာ ဧရာဝတီ၊ ကမ္ဘောဇ၊ အင်းဝ၊ CB နှင့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

အင်တာနက် ယာယီပြတ်တောက်နေစဉ်ကာလအတွင်းဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Appilication များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဘိုင်းအင်တာနက်ဖြင့် အသုံးပြုနိုင်သည့် အွန်လိုင်းဝန်ဆောင်မှုများမှာ Mobile Banking ၊ Internet Banking ၊ Mobile Top-up ၊ Other Cards Top-up ၊ Bill Payment များ ၊ Visa ၊ Master ၊ Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊  Wallet to Wallet ၊ Bank to Wallet ၊  Wallet to Bank ၊ CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဧပြီ ၂၈ ရက်မှစပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း၊ တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ဆောင်မှုများကိုလည်း ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ATM များတွင် ငွေလာထုတ်သူများ လျော့ကျသွားခြင်းမရှိဘဲ နံနက် ၄ နာရီကျော်ကတည်းက စတင်ကာ တန်းစီစောင့်ဆိုင်းသူများလည်း ရှိကြောင်းသိရသည်။

“တချို့ကိစ္စတွေကျတော့ ငွေသားနဲ့ ပေးရတယ်လေ။ လက်ထဲမှာ ငွေကိုင်ထားမှ အဆင်ပြေမှာတွေရှိတယ်။ အဲဒါကြောင့် လာထုတ်တာ” ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM တွင် ငွေလာရောက်ထုတ်ယူသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ငွေထုတ်ရာတွင် တန်းစီစောင့်ဆိုင်းနေရခြင်းများကို တွေ့ရပြီး မြန်မာပလာဇာရှိ ATM စက်တွင် ငွေလာရောက်ထုတ်ယူသည့်ဦးရေမှာ မြန်မာပလာဇာ အကျယ်အဝန်းခန့်အထိ တန်းစီစောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရသည်။

အလားတူ ကြည့်မြင်တိုင်မြို့နယ်ရှိ ATM စက်ရှေ့တွင်လည်း လာရောက်တန်းစီသူဦးရေမှာ အနည်းဆုံး ၁၀၀ ကျော်ရှိသည်ကို တွေ့ရသည်။

“ဒီနေ့က နည်းတယ်။ အချိန်ကလည်း နည်းနည်းနှောင်းသွားတာပေါ့။ အရင်ရက်တွေတုန်းကဆို ဒီနေရာမှာ လူတန်းက လေးတန်းလောက်ရှိတယ်။ မနက်ဆို ၄ နာရီ လောက်ကတည်းက နေရာဦးထားပြီး လာတန်းစီတဲ့သူတွေတောင်ရှိတယ်။ ဒီမှာက ငွေပြန်ပြန်ဖြည့်ပေးတယ်။ ငွေကုန်မှာ မပူရတော့ လူတွေကလည်း လာကြတာပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ပုဂ္ဂလိက ATM စက်အနီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များအနေ ဖြင့် မြို့နယ်တိုင်းရှိ ATM စက်အားလုံးတွင် ငွေထုတ်ယူနိုင်ကြောင်း ကြေညာထားခြင်းမရှိဘဲ မည်သည့်နေရာ၌ ငွေထုတ်ယူနိုင်ကြောင်း နေ့စဉ်ကြေညာလျက်ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုတွင် အပါအဝင်ဖြစ်သည့် ကမ္ဘောဇဘဏ်မှာ ဧပြီ ၃၀ ရက်တွင် ATM ထုတ်ယူနိုင်သည့်နေရာ ၃၀၀ ရှိကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ပမာဏမှာ တစ်ဘဏ်နှင့် တစ်ဘဏ် တူညီမှုမရှိသည်ကို တွေ့ရသည်။ KBZ ဘဏ် ATM တွင် တစ်နေ့ လျှင် လူတစ်ဦး ကျပ်နှစ်သိန်း၊ ရိုးမဘဏ်တွင် ကျပ်သုံးသိန်း၊ AGD ဘဏ်မှ တစ်နေ့လျှင် ကျပ်တစ်သိန်းခွဲ၊ CB ဘဏ်မှ ကျပ်သုံးသိန်း အစရှိသဖြင့်ထုတ်ယူနိုင်ကြောင်း ဘဏ်အသီးသီးက ထုတ်ပြန်ကြေညာထားသည်။

ဧပြီ ၃၀ ရက်တွင် မိုဘိုင်းအင်တာနက်ဖြင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံရရှိသည့် ဘဏ်ငါးခုနှင့်  မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းငါးခုကို ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

မိုဘိုင်း အင်တာနက်ယာယီ ပြတ်တောက်နေစဉ်ကာလအတွင်းဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Appilication များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ဧပြီ ၂၉ ရက်တွင် ဝန်ဆောင်မှုရရှိသည့် ဘဏ်အချို့ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့မှလည်း  Mobile Banking ၊ Internet Banking ၊ Mobile Top-up ၊ Other Cards Top-up ၊ Bill Payment များ ၊ Visa ၊ Master ၊ Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊ Wallet to Wallet ၊ Bank to Wallet ၊ Wallet to Bank ၊ CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ် သည့် Wave Money ၊ OKS ၊ M-Pitesan ၊ Mytel Pay ၊ MPT Money တို့ဖြင့် Mobile Top-up ၊ Wallet to Wallet ၊ Bank to Wallet ၊ Wallet to Bank ၊ Air Time Top-up ၊ Merchant Cash in/Cash out တို့ကိုလည်း ယခင်အတိုင်း ဝန်ဆောင်မှုများကိုလည်း ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဘဏ်လုပ်ငန်းဆိုတဲ့အဓိကအလုပ်က ငွေအပ်သူဆီကငွေကို အတိုးပေးလက်ခံတာ၊ ငွေလိုသူဆီက အတိုးယူပြီး ချေးငွေထုတ်ချေးပေးတာဖြစ်ပါတယ်။ အဲဒါကိုမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လုပ်ရတာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းမှာလည်း မသေချာမရေရာမှု ဆိုတာရှိတယ်။ အဲဒါကိုမှ ဘယ်လိုနည်းနဲ့ မရေရာမသေချာမှုတွေ နည်းအောင်လုပ်မလဲဆိုတာ စီမံခန့်ခွဲရတယ်။ အဲဒါက ဘဏ်လုပ်ငန်းရဲ့ အရေးပါတဲ့ပညာ ဖြစ်ပါတယ်” ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း ပြည်သူများအကြား ဘဏ်များပြိုလဲသွားနိုင်မည်လားဆိုသည့်အပေါ် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုတဲ့စကားက လွယ်လွယ်ကူကူ ပြောနေကြတာ။ ဘဏ်တစ်ခု ဒေဝါလီခံဖို့ဆိုတာ မလွယ်ပါဘူး။ သူ့မှာ အခြေခံအချက်တွေ အများကြီးရှိတယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရငွေ ချေးသက်သေခံလက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်းအခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေးအခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့်အစီရင်ခံစာများမှာ ပမာဏကြီးမားသောကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသောငွေစာရင်းနှင့် အာမခံအမျိုးအစားအလိုက်ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ ဖြစ်သည်။

“လတ်တလော ရွှေစျေးတွေ၊ ဒေါ်လာစျေးတွေ တက်သွားတာကတော့ ယာယီပါ။ မြန်မာပြည်မှာ ဖြစ်နေကျကိစ္စပေါ့။ တစ်ခုခုဆို ဝယ်လိုက်ရောင်းလိုက်နဲ့ အကျိုးအမြတ်ရှိသူထက် မရှိသူများပါတယ်။ ဘဏ်တစ်ခုဆိုတာ ဒီခေတ်ဒီအခါမှာ ဘယ်သူမှပြိုလဲမခံပါဘူး။ ဘဏ်ဆိုတာ ကိုယ်ကျိုးချည်းပဲကြည့်တဲ့ လုပ်ငန်းတစ်ခုမဟုတ်ဘူး။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဘဏ်တစ်ခုပြိုလဲတယ်ဆိုတာ ဆူနာမီလာသလိုပဲ။ တိုင်းပြည်အတွက် သိပ်နစ်နာပါတယ်။ နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ ယုံကြည်မှုကိုမပျက်စေချင်ဘူး။ ကောလာဟလကနေ အများပြည်သူ အထိတ်တလန့်ဖြစ်တာမျိုး မဖြစ်စေချင်ဘူး” ဟု အဆိုပါဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆက်လက်ပြောကြားသည်။

ပြည်တွင်းဘဏ်များ လုံခြုံခိုင်မာမှုရှိစေရန်အတွက် နိုင်ငံတော်ဗဟိုဘဏ်သည် ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိပြီး စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်းနှင့် ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းတို့ကို အခြေခံဆောင်ရွက်လျက်ရှိသည်။ ကြီးကြပ်စစ်ဆေးခြင်း လုပ်ဆောင်ရာတွင် ဘဏ်များ၏ငွေရေးကြေးရေးအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် ပုံမှန်သတင်းအချက်အလက်ရယူဆောင်ရွက်၍ ကြီးကြပ်စစ်ဆေးခြင်း၊ ဘဏ်များ၏ အဓိကလုပ်ငန်းဆောင်ရွက်မှု ညွှန်းကိန်းများကို လေ့လာဆန်းစစ်ခြင်း၊ ကြိုတင်သတိပေးစနစ်အား ပံ့ပိုးကူညီဆောင်ရွက်ခြင်းတို့ဖြင့်ဘဏ်များ ခိုင်မာလုံခြုံမှုရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်း လုပ်ဆောင်ရခြင်း၏အဓိက ရည်ရွယ်ချက်များမှာ ဘဏ်လုပ်ငန်းကဏ္ဍတောင့်တင်းခိုင်မာစေရန်၊ ဘဏ်များ၏လုပ်ငန်းဆောင်ရွက်မှုများနှင့် ၎င်းတို့၏ ငွေရေးကြေးရေးအခြေအနေကို ကြီးကြပ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံး ဖြစ်စေရန်တို့ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်၏ အဓိကတာဝန်မှာ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ်သည်။ ယုံကြည်စိတ်ချစွာဖြင့် ဘဏ်တွင် လာရောက်အပ်နှံထားသည့် အများပြည်သူ၏ ငွေကြေးများဆုံးရှုံးမှုမရှိအောင် ကာကွယ်ရန်မှာ ဘဏ်များ၏တာဝန်ဖြစ်သည်။ ဘဏ်တွင် ငွေအပ်နှံထားသော အများပြည်သူသည် အကြောင်းကြောင်းကြောင့် မိမိတို့စုဆောင်းထားသော ငွေကြေးများဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်းဖြစ်သည်။

အများပြည်သူ ငွေကြေးများကို ယုံကြည်စိတ်ချရသည့်၊ ခိုင်မာလုံခြုံသည့် ဘဏ်များတွင် အပ်နှံနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့်  အများပြည်သူ၏ ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များအပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှု တိုးမြင့်လာစေရေးအတွက် နိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များ ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်သည်။

Most Read

Most Recent