မန္တလေးခရိုင် တရားရုံးအနီးရှိ တရားရေးရိပ်သာတွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား

မန္တလေးခရိုင် တရားရုံးအနီးရှိ တရားရေးရိပ်သာတွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား
Published 30 April 2021

မန္တလေးခရိုင် တရားရုံးအနီးရှိ တရားရေးရိပ်သာတွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ မန္တလေးခရိုင်တရားရုံး မြောက်ဘက် ကပ်လျက်ရှိ တရားရေးရိပ်သာဝန်းအတွင်း၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းက လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

"တရားရေးရိပ်သာထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ နံနက် ၉ နာရီလောက်မှာ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ထိခိုက်ဒဏ်ရာ ရရတာတော့ မရှိပါဘူး" ဟု ခရိုင်တရားရုံးအတွင်း လုံခြုံရေးတာဝန် ယူထားသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မန္တလေးခရိုင်တရားရုံးအနီးရှိ တရားရေးရိပ်သာမှာ တရားရေးဝန်ထမ်းများ နေထိုင်လျက်ရှိသည့် အိမ်ယာဖြစ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ရဲစခန်းအချို့ လက်လုပ်ဗုံး ပစ်ခတ်ခံရခြင်း၊ မန္တလေးမြို့တော်ဝန်နေအိမ် လက်လုပ်ဗုံး ပစ်ခတ်ခံရခြင်း၊ အုပ်ချုပ်ရေးမှူးရုံးအချို့ လက်လုပ်ဗုံးဖြင့် ပစ်ခံရခြင်း၊ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးရှေ့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရခြင်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာ ဝန်ထမ်းအိမ်ယာအတွင်း လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent