အပူချိန်မြင့်တက်ပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းနှင့် အောက်ပိုင်း ဒေသတို့တွင် မေ ၂ ရက်အထိ မိုးရွာသွန်းနိုင်

အပူချိန်မြင့်တက်ပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းနှင့် အောက်ပိုင်း ဒေသတို့တွင် မေ ၂ ရက်အထိ မိုးရွာသွန်းနိုင်
Published 30 April 2021
မျိုးထွန်း

အပူချိန်မြင့်တက်ပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသတို့တွင် မေ ၂ ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း ဧပြီ ၂၉ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် နေ့အပူချိန်များမြင့်တက်ပြီး အပူပြန်တက်တိမ်များ ဖြစ်ပေါ်ခြင်းကြောင့် မိုးရွာခြင်းဖြစ်ကြောင်း၊ မေ ၁၊ ၂ ရက်အထိ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် နေရာကွက်ကျားခန့် မိုးရွာသွန်းနိုင်ကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ဆက်လက် မိုးရွာသွန်းနိုင်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

“အဓိကအားဖြင့်တော့ နေ့အပူချိန်တွေ မြင့်တက်လို့၊ အပူပြန်တက်တိမ်တွေဖြစ်ပြီး တော့ မိုးရွာတာတွေက ပိုများတယ်။ ဒီကာလ ကတော့ စောစောကပြောသလို လေထုကလည်း ရေခိုးရေငွေ့ပါတဲ့လေထုဖြစ်နေတယ်။ နောက်အပူချိန်ကလည်း မြင့်တက်နေတဲ့ အနေအထားမှာ မိုးတွေရွာချတာပေါ့နော်။ အခု မေလ ၁ ရက်နေ့ကတော့ မြန်မာနိုင်ငံအထက် ပိုင်းဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတွေဘက်မှာတော့ မိုးရွာသွန်းမှုက နေရာကွက်ကျားလောက်ပဲ ရွာပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုး ရွာသွန်းမှုတွေ မေ ၁ ရက်လောက်အထိဆက် ရွာနေမယ်။ ရွာတဲ့အခါမှာ နေ့တိုင်းတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ သူက ဒီအပူချိန် တွေမြင့်လာပြီး အပူပြန်တက်တိမ်တွေ အားကောင်းလာပြီးတော့ မိုးတွေရွာချတယ်။ အဲဒီ တော့ အပူချိန်ကပြန်လျော့သွားပြန်ရော။ တိမ် ဖြစ်ထွန်းမှုက နည်းနည်းလေး ပြန်လျော့သွား တော့ မိုးနည်းသွားပြန်ရော။ နောက်အပူချိန်က ပြန်တက်လာတယ်။ မိုးပြန်ရွာလာတယ်။ ဒီအချိန်မှာတော့ အဲဒီလိုသွားနေတာပေါ့နော်။ အဲဒီလိုသွားနေတော့ မေ ၁၊ ၂ ရက်အထိ မြန်မာနိုင်ငံအောက်ပိုင်းတွေ၊ တောင်ပိုင်းတွေ၊ အလယ်ပိုင်းတွေမှာ ရွာမယ်” ဟု မိုးဇလ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

ဆက်လက်ပြီး မေ ၄၊ ၅၊ ၆ ရက်တို့တွင် မြန်မာနိုင်ငံ အထက်ပိုင်းဖြစ်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ပြန်လည်မိုးရွာသွန်းမှု များနိုင်ကြောင်း၊ မေလလယ်ကျော်ပါက မုတ်သုံလေဝင်ရောက်နိုင်ပြီး မုတ်သုံလေနှင့်အတူ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီလို မိုးတိမ်တောင်လို့ခေါ်တဲ့ မိုးကြိုး တိမ်တိုက်တွေ အားကောင်းတဲ့ အခြေအနေမျိုးမှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ မိုးထစ်ချုန်းတာ တွေနဲ့ တချို့နေရာတွေဆိုရင် မိုးသီးကြွေတာတွေ ဖြစ်နိုင်တာပေါ့။ လက်ရှိအခြေအနေ မုန်တိုင်းတော့ မရှိပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

ထိုသို့ မိုးရွာသွန်းမှုများသည် အပူချိန်မြင့်တက်ခြင်းအပြင် လေထုမငြိမ်မသက်မှုများမှတစ်ဆင့် တိမ်များဖြစ်ထွန်းပြီး မိုးရွာသွန်းမှုများလည်း ရှိကြောင်း၊ အလားတူ မြန်မာနိုင်ငံ တောင်ပိုင်းတွင်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အောင်မှ ရေခိုးရေငွေ့များပါသည့် လေများတိုက်ခြင်းကြောင့်လည်း မိုးရွာသွန်းမှုများရှိကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent