နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒါ က ၀ိတ်တန်းမတူညီသည့် ချန်ပီယံခါးပတ် နှစ်ခုကို တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရရှိမည့် ခံ စားချက်မှာ ထူးခြားအ့ံသြဖွယ်ကောင်းမည် ကို သိရှိကြောင်း အောင်လအန်ဆန်နှင့် မထိုးသတ်မီ မီဒီယာများကို ပြောကြားခဲ့သည်။
ဒီရစ်ဒါက "ဒါက အခွင့်အရေးကောင်း ဆိုတာ ကျွန်တော်သိပါတယ်။ ၀ိတ်တန်းမတူညီတဲ့ ချန်ပီယံခါးပတ်နှစ်ခုကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရရှိမယ့် ခံစားချက်က ထူးခြားအံ့သြဖွယ်ကောင်းမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ဒီချန်ပီယံခါးပတ်နှစ်ခုစလုံး ရရှိမှာကိုလည်း သိနေပါတယ်။ ဒီပွဲထိုးသတ်ဖို့ အာရှ(စင်ကာပူ)ကိုသွားရမယ့် ခံစားချက်ကို ကျွန်တော် အရမ်းနှစ်ခြိုက်သဘောကျပါတယ်။ ဒီပွဲအတွက် ကျွန်တော့်မှာ ပြင်ဆင်မှု အလုံအလောက်ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အကောင်းဆုံးလည်း လေ့ကျင့်ထားပါတယ်။ ဒီပွဲထိုးသတ်ဖို့ကိုတောင် ကျွန်တော် မစောင့် နိုင်တော့ပါဘူး။ အခုအချိန်မှာ ကျွန်တော်က ကြံ့ခိုင်မှုပြည့်ဝတယ်၊ သန်မာတယ်ဆိုတာတွေထက်တောင် ပိုနေပါသေးတယ်။ သူ့(အောင်လအန်ဆန်) အနေနဲ့ ကျွန်တော့်ကို ထပ်ပြီး ရှုံးနိမ့်ဦးမှာပါ။ ထပ်ပြီးလဲကျဦးမှာပါ။ သူ့ အတွက် ဒါကလွဲပြီး တခြားရွေးစရာလမ်းရှိမှာ မဟုတ်ပါဘူး" ဟု မီဒီယာများကို ပြောကြားခဲ့သည်။
One Championship သည် ONE ON TNT IV ပြိုင်ပွဲကို ဧပြီ ၂၈ ရက် (မြန်မာ စံတော်ချိန် ဧပြီ ၂၉ ရက် နံနက် ၇ နာရီ) တွင် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဒီရစ်ဒါတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပသွားမည်ဖြစ်သည်။ One Championship အဖွဲ့အစည်းသည် ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့်တွဲဆိုင်းများအား ဧပြီ ၂၄ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး တွဲဆိုင်းခြောက်ပွဲ ပါဝင်ကာ ကမ္ဘာ့ချန်ပီယံလုပွဲတစ်ပွဲနှင့် စိန် ခေါ်ပွဲငါးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။
အောင်လအန်ဆန်နှင့် ဒီရစ်ဒါသည် ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်ပြီး အောင်လအန်ဆန်အနေဖြင့် ပထမအကြိမ်တွေ့ဆုံမှုတွင် ရှုံးနိမ့်ခဲ့ရသည့် ရှုံးကြွေးအား ပြန်ဆပ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ဒီရစ်ဒါနှင့် ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် ချုပ်ကွက်ဖြင့် အရေးနိမ့်ခဲ့ရပြီး မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ဒီရစ်ဒါထံ လွှဲပြောင်းပေးခဲ့ရသည်။ ONE ON TNT IV ပြိုင်ပွဲကို အရှေ့တောင်အာရှနိုင်ငံများတွင် ဧပြီ ၂၉ ရက် နံနက်အစောပိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။















