COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သဖြင့် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ တိုးမြှင့်ကင်းလွတ်ခွင့်ပြု

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သဖြင့် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ တိုးမြှင့်ကင်းလွတ်ခွင့်ပြု
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 27 April 2021

COVID-19 ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သဖြင့် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ ထပ်မံ၍ ကာလတိုးမြှင့် ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေးတို့အတွက်  အခွန်ဆိုင်ရာ ဖြေလျှော့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း အား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ ကင်းလွတ်ခွင့် ပြုပေးခဲ့သည်။

လက်ရှိအချိန်တွင် COVID-19 ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ကောက်ခံသည့်  ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ ထပ်မံ၍ ကာလတိုးမြှင့် ကင်းလွတ်ခွင့် ပြုပေးသွားမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦးမတည် ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ထုတ်ပြန်လိုက်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၏ အစည်းအဝေးအ မှတ်စဉ် (၂/ ၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည်။

CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလ တစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ဒုတိယ သုံးလပတ်အတွက် လည်းကောင်း၊  ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယ သုံးလပတ်အတွက် လည်းကောင်း သုံးလ တစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် လအတွက်မှစတင် ၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်ဟု သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးခဲ့သည်။

Most Read

Most Recent