မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်ကို တောင်ကိုရီးယားနိုင်ငံက ကြိုဆို

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်ကို တောင်ကိုရီးယားနိုင်ငံက ကြိုဆို
Published 27 April 2021
Ref:  Bernama

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး လမ်းကြောင်းသို့ လိုက်ရန် တောင်းဆိုသည့် အာဆီယံ ခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်ကို တောင်ကိုရီးယားနိုင်ငံက ဧပြီ ၂၆ ရက်တွင် ကြိုဆိုလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ (VNA) က ဖော်ပြခဲ့ သည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးတို့အတွက် အခြေခံအုတ်မြစ်တွေ ချပေးမယ့် သဘောတူညီချက်တွေလို့ ရှုမြင်ပြီး ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုကို ဆက်လက် ဆောင်ရွက်ပြီး အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချွိုင်ယောင်ဆမ်က မှတ်ချက်ပေးမှုတစ်ခုတွင် ပြောကြားခဲ့သည်။

“အထူးသဖြင့် ကျွန်တော်တို့အနေနဲ့က ပျက်စီးစေတဲ့ လက်နက်တွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို နှိမ်နင်းတာကို ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုပြီး သက်ဆိုင်ရာဘက်အားလုံး ပါဝင်တဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆွေးနွေးမှုတစ်ရပ် ဖြစ်ပေါ်ဖို့ရာ အာဆီယံ အထူးသံတမန်တစ်ဦး မြန်မာနိုင်ငံကို ဆောလျင်စွာ သွားရောက်နိုင်ဖို့ကို မျှော်လင့်မိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့မှာပင် ရုရှားအစိုးရအဖွဲ့ကလည်း မြန်မာနိုင်ငံက မငြိမ်မသက်မှုအတွက် ပြည်တွင်းဖြေရှင်းမှုကိုသာ ပို၍လိုလားကြောင်း ပြောကြားခဲ့သည်။

ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ရုရှားနိုင်ငံအနေဖြင့် အလွန်အမင်း စိုးရိမ်မိပြီး မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည်များကို သတိကြီးကြီးဖြင့် စောင့်ကြည့်လေ့လာနေကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံပတ်သက်မှုအရ ရုရှားနိုင်ငံက ပို၍ အရေးပါနေပြီး ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရာ၌ ရုရှားက မြန်မာနိုင်ငံကို ထောက်ခံ အားပေးနေသည်။

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာ တွင် ဧပြီ ၂၄ ရက်က ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါအချက် ငါးရပ်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ သက်ဆိုင်ရာဘက် အားလုံးအကြား အပြုသဘောဆောင်သည့် အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ရန်၊ ယင်းအပြန်အလှန် ဆွေးနွေးပွဲကို အထောက်အကူပြုရေးအတွက် အာဆီယံ အထူးသံတမန် တစ်ဦး ထားရှိရန်၊ အထောက်အပံ အကူအညီများကို လက်ခံရန်နှင့် အထူးသံတမန်က မြန်မာနိုင်ငံသို့ သွားရောက်ရန်တို့ ဖြစ်သည်။

ယင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို ပြေလျော့စေရန်အတွက် ပထမဆုံး နိုင်ငံတကာအား ထုတ်မှုတစ်ရပ်လည်း ဖြစ်သည်။

ဥရောပသမဂ္ဂ (အီးယူ) က အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံမှုအတွင်း ရရှိခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းအား ဖြေရှင်းရန် အာဆီယံ၏ အားထုတ်မှုတွင် ရှေ့သို့ လှမ်းနိုင်ခဲ့သည့် အားတက်ဖွယ် ခြေလှမ်းဟု ဖော်ပြခဲ့သည်။

ယခုလောလောဆယ်ဆယ်မှာပင် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်လာစေရန် ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:  Bernama

Most Read

Most Recent