လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် မတ်လအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားပြီး ထုတ်ကုန်နှင့် အော်ဒါအသစ် ရရှိမှုလျော့နည်းလာသည့်အပြင် မပြီးပြတ်ဘဲ ကျန်နေသေးသည့် အလုပ်များ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။
လက်ရှိအခြေအနေကြောင့် ပထမဦးဆုံး သုံးလပတ်၏ နောက်ဆုံးလဖြစ်သော မတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍမှ သိသာစွာ ကျဆင်းလာခဲ့ကြောင်းနှင့် စက်ရုံများနှင့် ဖောက်သည်လုပ်ငန်းများ ပိတ်ထားဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် ဝယ်လိုအား အခြေအနေများ မရေရာမှုကြောင့် လုပ်သားအင်အား အရေအတွက်မှာ စံချိန်တင်နီးပါး ကျဆင်းသွားစေခဲ့ပြီး ယင်းကာလအတွင်း၌ စက်ရုံများကို အခိုင်အမာ ဆက်လက်ပိတ်ထားရခြင်းကြောင့် မပြီးဘဲ ကျန်နေသည့် အလုပ်များ စုပုံလာခဲ့ရာ စစ်တမ်းသမိုင်း တစ်လျှောက်တွင် အများဆုံးဖြစ်ခဲ့သည်။
COVID-19 ကြောင့် စက်ရုံများကို ဆက်လက်ပိတ်ထားနေခဲ့ရပြီး အလုပ်သစ်များ တဟုန်ထိုး ကျဆင်းလာခဲ့မှုကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်သားအင်အားကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာတွင် စတင်ဖြတ်တောက်ခဲ့ကြရပြီး လက်ရှိအခြေအနေများက အလုပ်သမားများကို ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားစေခဲ့ခြင်းကြောင့် ယင်းအခက်အခဲများကို ဆွဲဆန့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်လုပ်ရေး စွမ်းပကားများကို ပြသပေးသည့် အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်ရေး PMI အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၇ ဒသမ ၇ ရှိခဲ့ရာမှ မတ်လတွင် ၂၇ ဒသမ ၅ သို့ စံချိန်တင် အနိမ့်ဆုံး ကျဆင်းသွားခဲ့ကြောင်း၊ စစ်တမ်းသက်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများ၏ အခြေအနေများ အပြင်းထန်ဆုံး ဆုတ်လာမှုကိုလည်း အချက်ပြနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် အော်ဒါအသစ်ရရှိမှု နည်းလာသည့်တိုင်အောင် မပြီးဘဲ ကျန်နေသည့် အလုပ်များမှာ စစ်တမ်းသမိုင်းတွင် အများဆုံး ဖြစ်ခဲ့ကြောင်း၊ ယင်းကာလအတွင်း အော်ဒါအသစ်များ ရရှိမှုနည်းလာခြင်းနှင့် လာမည့်လများတွင် ဝယ်လိုအား မရေရာမှုများက ကုမ္ပဏီများအား ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးလုံးကို ဖြတ်တောက်လာစေကြောင်း ဖော်ပြထားသည်။
စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်းရှားပါးမှုများနှင့် ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်ရေးနှုန်း ကျလာသောကြောင့် ပြီးခဲ့သည့် မတ်လတွင် ငွေကြေးဖောင်းပွမှု ဖိအားများ အရှိန်တိုးလာခဲ့သည်။ ခြုံငုံကြည့်လျှင် ဝယ်လိုအားမှာ အားနည်းနေမှုက ဖိစီးနေကြောင့် ကုမ္ပဏီများသည် မိမိတို့၏ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို လွှဲချမရနိုင်၍ မိမိတို့ ရောင်းစျေးများကို အသင့်အတင့်မျှသာ မြှင့်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါစစ်တမ်း ထုတ်ပြန်ချက်အရ လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်ရေးပမာဏဆိုင်ရာ မျှော်မှန်းချက်များမှာ ဝယ်လိုအား အားနည်းလာခြင်းကို ထင်ဟပ်နေကြောင်း၊ ယုံကြည်စိတ်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ကျဆင်းသွားကာ စစ်တမ်း၏ ရေရှည်ပျမ်းမျှထက် များစွာနိမ့်ကျရာသို့ ထိုးကျသွားကြောင်း သိရသည်။
ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလ ကိန်းဂဏန်းများကို အခြေခံ ပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။










