စပါးအသင်းယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးခန့်အပ်ခြင်းခံခဲ့ရသည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ရိုင်ယန်မေဆင်(၂၉ နှစ်)သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရှိရသည်။
ရိုင်ယန်မေဆင်သည် လွန်ခဲ့သည့် (၄)နှစ်ကာလဖြစ်သည့် ၂၀၁၇ ဇန်နဝါရီလတွင် ဦးခေါင်းခွံကွဲအက်သည့် ဒဏ်ရာကြောင့် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်ကို ကြုံတွေ့ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲသမိုင်း၏ ထူးခြားမှတ်တမ်းတစ်ခုကို တင်ရှိနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုစဉ်က စပါးကွင်းလယ်လူဟောင်း ရိုင်ယန်မေဆင်သည် ဟားလ်စီးတီးအသင်းတွင် ကစားလျက်ရှိနေပြီး ချယ်လ်ဆီး-ဟားလ်စီးတီးပွဲ၌ ချယ်လ်ဆီးနောက်ခံလူ ဂယ်ရီကာဟေးလ်နှင့် ခေါင်းချင်းတိုက်မိကာ ဦးခေါင်းခွံကွဲအက်ခဲ့ခြင်းဖြစ်သည်။
၎င်းအား ဆေးရုံသို့ အလျင်အမြန်တင်ပို့ခဲ့ရပြီး ချက်ချင်းပင် ခွဲစိတ်ကုသမှုပြုလုပ်ကာ ခွဲစိတ်မှုအောင်မြင်သဖြင့် အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်သည်။
စပါးအသင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းပေါင်းများစွာသို့ အငှားချခံခဲ့ရသူ ရိုင်ယန်မေဆင်သည် ယင်းဒဏ်ရာကြောင့် ဘောလုံးသမားဘဝကို စွန့်လွှတ်ခဲ့ရသည်။
၂၀၁၈ ဧပြီလတွင် ရိုင်ယန်မေဆင်သည် စပါးအသင်း၌ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ဇူလိုင်လတွင် အသင်း၏ အကယ်ဒမီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။
စပါးအသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က နည်းပြဖြစ်သူ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အကယ်ဒမီအသင်းတွင် နည်းပြသက်တမ်း (၂)နှစ်ပင်မရှိသေးသည့် ရိုင်ယန်မေဆင်အား အသင်းယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းနည်းပြဖြစ်လာချိန်တွင် ရိုင်ယန်မေဆင်၏အသက်မှာ (၂၉)နှစ်၊ (၃၁၂) ရက်သာရှိသေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးသော အသက် (၃၀)နှစ်အောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရိုင်ယန်မေဆင်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စပါး - ဆောက်သမ်တန်ပရီးမီးယားလိဂ်ပွဲကို စတင်ကိုင်တွယ်ခဲ့ပြီး လာမည့်တနင်္ဂနွေနေ့တွင် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် (၃)ကြိမ်ဆက်ချန်ပီယံ မန်စီးတီးအသင်းနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။
၎င်းအနေဖြင့် (၁၃)နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေသော စပါးအသင်းကို ဆုဖလားပြန်လည်ရရှိအောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။
မေဆင်၏ စပါးနည်းပြအဖွဲ့တွင် စပါးနောက်ခံလူဟောင်း လက်ဒလေကင်း၊ ချာလ်တန်၊ ဟတ်ဒါဖီးလ်အသင်းများ၏နည်းပြဟောင်း ခရစ္စပါဝဲလ်၊ စပါး ယူ-၁၉ နည်းပြဟောင်း နီဂျဲလ်ဂစ်ဘ်၊ စပါးဂိုးသမားဟောင်း မစ်ချယ်ဗွန်းတို့က နည်းပြအဖွဲ့ဝင်များအဖြစ် ကူညီသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံးနည်းပြများ
ရိုင်ယန်မေဆင် (စပါး)
(၂၉)နှစ်၊ (၃၁၂)ရက် ၂၀၂၁
အက်တီလိုလွန်ဘာဒို (ခရစ္စတယ်ပဲလေ့စ်)
(၃၂)နှစ်၊ (၆၇) ရက် ၁၉၉၈
ခရစ္စကိုးလ်မန်း (ဖူလ်ဟမ်)
(၃၂)နှစ်၊ (၃၁၃) ရက် ၂၀၀၃
ဂျီယန်လူကာဗီယာလီ (ချယ်လ်ဆီး)
(၃၃)နှစ်၊ (၂၂၇) ရက် ၁၉၉၈
မှတ်ချက် ။ ။ သက်ဆိုင်ရာအသင်းများ၌ နည်းပြအဖြစ် စတင်ခန့်အပ်ခံရစဉ် အသက်အရွယ်များဖြစ်ပါသည်။















