ရာသီကုန်တွင် စာချုပ်ဖျက်သိမ်း၍ လမ်းခွဲလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့် နည်းပြဟန်ဆီဖလစ်ခ်၏ ပြောကြားမှုကို လက်မခံကြောင်းနှင့် ဧပြီ ၂၄ ရက်တွင် မိန့်ဇ် အသင်းနှင့်ကစားမည့် ပွဲအပြီးမှသာ ဆွေးနွေးရန် သဘောတူထားကြောင်း ဘိုင်ယန်မြူးနစ်အသင်းဘုတ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဘိုင်ယန်မြူးနစ်နည်းပြဘဝ တစ်နှစ်အတွင်း ဆုဖလားခြောက်လုံးအထိ ရယူပေးထားသူ ဟန်ဆီဖလစ်ခ်၏ စာချုပ်သက်တမ်း မှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ၎င်းက အသင်းနှင့်လမ်းခွဲမည်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒီရက်သတ္တပတ်ထဲမှာ ကလပ်ကို အသိပေးထားပြီ ဆိုတာ အသင်းကို ပြောပြလိုက်ပါပြီ။ ရာသီကုန်မှာ ကျွန်တော့်ရဲ့စာချုပ်ကို ဖျက်သိမ်းချင်ပါတယ်" ဟု ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့သည်။
သို့သော် ၎င်း၏ပြောကြားမှုနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်းဘုတ်အဖွဲ့ က "ဖလစ်ခ်က သူ့ရဲ့အစီအစဉ်ကို အသိပေးအကြောင်းကြားလာပါတယ်။ ဒါပေမဲ့ ဧပြီ ၂၄ ရက်မှာ မိန့်ဇ် နဲ့ကစားရမယ့်ပွဲပြီးမှ ဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူထားပါတယ်။ ဟန်ဆီဖလစ်ခ်ရဲ့ တစ်ဖက်သတ်ပြောကြားမှုကို ဘိုင်ယန်မြူးနစ် အသင်းဘက်က သဘောမတူပါဘူး။ သဘောတူထားတဲ့အတိုင်း မိန့်ဇ်နဲ့ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ဆက်လုပ်သွားပါမယ်" ဟု တုံ့ပြန်ကြေ ညာခဲ့ခဲ့ခြင်းဖြစ်သည်။
အသက် ၅၆ နှစ်ရှိပြီဖြစ်သူ ဟန်ဆီဖလစ်ခ် သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ဘိုင်ယန်မြူးနစ်အသင်း ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ခံရပြီး ရလဒ်ကောင်းများ ရယူပေးနိုင်သဖြင့် ဒီဇင်ဘာတွင် ရာသီကုန်အထိ ကာလတိုစာချုပ်နှင့် ဧပြီတွင် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိသည့်စာချုပ် ချုပ်ဆိုခံခဲ့ရသည်။
၎င်းသည် နည်းပြသက်တမ်း တစ်နှစ်အတွင်းမှာပင် ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဂျာမန်စူပါ ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုများ ဆွတ်ခူးရယူပေးနိုင်ခဲ့သလို ယခုရာသီတွင်လည်း လက်ကျန်ငါးပွဲအလိုတွင် ခုနစ်မှတ်အသာဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ရန် စွမ်းဆောင် ပေးထားသည်။
ဂျာမနီလက်ရွေးစင်အသင်း နည်းပြ ယော်ကင်လိုးသည် ယူရို-၂၀၂၀ ပြိုင် ပွဲအပြီးတွင် အသင်းနှင့်လမ်းခွဲမည်ဖြစ်ရာ ဟန်ဆီဖလစ်ခ်အအနေဖြင့် ယင်းနေရာကို အစားထိုးတာဝန်ယူဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ၎င်းက "ကျွန်တော်က ကိုယ့်အတွက်ပဲ ဆုံးဖြတ်တာပါ။ ဂျာမနီဘောလုံး အဖွဲ့ချုပ်နဲ့ မဆိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။















