လူမှုကွန်ရက်အား အသုံးပြု၍ CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှု့ံဆော်သည်ဟုဆိုကာ အနုပညာရှင်များ အပါအဝင် ၂၀ ဦးအား ပုဒ်မ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၄ ရက် ည ၈ နာရီ MRTVသတင်းဌာန ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ခံရသည့် အနုပညာရှင်များနှင့် ပါဝင်ပတ်သက်သူများမှာ အလင်းရောင်၊ မေမြတ်နိုး၊ နွယ်ဒါလီထွန်း၊ နော်ဖော်အယ်ထား၊ မေမဒီ၊ အေးငြိမ်းဆွေ၊ ရန်ရန်ချမ်း၊ မင်းသွေးလျှံ၊ ထူးပိုင်ဇော်၊ ခြူးပန်းနွယ်၊ သက်ထားစုစံ၊ မေ၊ ညီညီထွန်း၊ ရန်နိုင်ဗိုလ်၊ ဒေါက်တာကျော်ကျော်စိုင်း၊ ဒေါက်တာစိုင်းကောင်းထက်ဇော်၊ မေသူဝင်း၊ အိအိအောင်၊ ခင်ဆွေအေး၊ ခိုင်ဝေဝေဇင် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရား အသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းများ ပြုလုပ်ကြကြောင်း ဖော်ပြပါရှိသည်။
ထိုသို့ ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုပါအနုပညာရှင်များ အပါအဝင် ၂၀ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက ်ရှိကြောင်း သိရသည်။
ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း သက်မွန်မြင့်၊ အိန္ဒြာကျော်ဇင်၊ မင်းမော်ကွန်း အစရှိသည့် နာမည်ကြီးအနုပညာရှင်များ အပါအဝင် ၄၀ ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။















