အပြီးသတ်ဆွေးနွေးမှုများပြုလုပ်နေသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံပြောင်းလဲကျင်းပရန် မဲခွဲဆုံးဖြတ်မှုကို ဧပြီ(၁၉)ရက်သို့ရွှေ့ဆိုင်း

အပြီးသတ်ဆွေးနွေးမှုများပြုလုပ်နေသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံပြောင်းလဲကျင်းပရန် မဲခွဲဆုံးဖြတ်မှုကို ဧပြီ(၁၉)ရက်သို့ရွှေ့ဆိုင်း
Photo: Marca
Photo: Marca
Published 1 April 2021

ချန်ပီယံလိဂ်ပြိုင်ပွဲအား ၂၀၂၄-၂၅ ရာသီမှစ၍ ပုံစံအသစ်ဖြင့် ပြောင်းလဲကျင်းပရန်အတွက် မဲခွဲဆုံးဖြတ်မှုကို မတ်(၃၁)ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း အပြီးသတ်ဆွေးနွေးမှုများပြုလုပ်နေသဖြင့် ဧပြီ(၁၉)ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က အတည်ပြုထုတ်ပြန်ခဲ့သည်။

UEFA သည် ဥရောပထိပ်တန်းကလပ်များက ချန်ပီယံလိဂ်မှခွဲထွက်၍ ဥရောပစူပါလိဂ်အဖြစ် သီးသန့်ကျင်းပရန် ပြင်ဆင်နေမှုကို တားဆီးရန်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်ပြောင်းလဲကျင်းပရန် အဆိုပြုတင်ပြထားခြင်း ဖြစ်သည်။

၂၀၂၄-၂၅ ရာသီမှစ၍ ပုံစံအသစ်ဖြင့် ပြောင်းလဲကျင်းပရန်အတွက် မတ်(၃၁)ရက်က ပြုလုပ်သည့် UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သောကြောင့် ဧပြီ(၁၉)ရက်သို့ရွှေ့ဆိုင်းကြောင်း UEFA က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''ပြီးခဲ့တဲ့ရက်တွေမှာ မီဒီယာအသီးသီးရဲ့ မေးမြန်းမှုတွေကို ဖြေကြားရမယ်ဆိုရင် မနက်ဖြန် မတ်(၃၁)ရက် ဗုဒ္ဓဟူးနေ့ပြုလုပ်မယ့် အမှုဆောင်ကော်မတီအစည်းအဝေးမှာ ၂၀၂၄ နောက်ပိုင်းကျင်းပမယ့် ပြိုင်ပွဲတွေရဲ့အနာဂတ် အကြောင်းက အဓိကဆွေးနွေးမယ့်ကိစ္စတစ်ခုဆိုတာ UEFA အနေနဲ့ အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်လို့ ဧပြီ(၁၉)ရက်မှာ ပြုလုပ်မယ့် UEFA အမှုဆောင်ကော်မတီအစည်းအဝေးမှ တရားဝင်ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ'' ဟု UEFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲအား ပုံစံအသစ်ဖြင့်ကျင်းပမည့် အဆိုပြုမှုကို ပြောင်းလဲပြင်ဆင်ရန် အင်္ဂလန်နှင့် စကော့တလန်အပါအဝင် ဘောလုံးအဖွဲ့ချုပ်(၁၀)ခုက UEFA ထံ စာရေးသားတောင်းဆိုထားပြီး ဥရောပလိဂ်ပြိုင်ပွဲများဥက္ကဋ္ဌ အော်လ်ဆန်ကလည်း ပြိုင်ပွဲပုံစံအသစ်မှာ ဘောလုံးပြက္ခဒိန်အပေါ် သက်ရောက်မှုကြီးမားနိုင်သဖြင့် သတိပေးထားကြောင်း သိရသည်။

ပုံစံသစ်အရ ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃၂)အသင်းအစား (၃၆)သင်းသို့တိုးမြှင့်မည်ဖြစ်သလို၊ ပွဲစုစုပေါင်းမှာလည်း တစ်ရာသီလျှင် (၁၂၅)ပွဲမှ (၂၂၅)ပွဲအထိ တိုးလာမည်ဖြစ်သောကြောင့် FA ဖလား၊ လိဂ်ဖလားစသည့် ပြည်တွင်းဖလားပြိုင်ပွဲများနှင့် အချိန်တိုက်နေသဖြင့် ကန့်ကွက်မှုများရှိနေခြင်းဖြစ်သည်။

Most Read

Most Recent