ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၂၆ သိန်းကျော်ရှိခဲ့ပြီး ယခင်ရက်သတ္တပတ်များထက် ကူးစက်နှုန်း ခုနစ်ရာခိုင်နှုန်းမြင့်တက်ခဲ့

ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၂၆ သိန်းကျော်ရှိခဲ့ပြီး ယခင်ရက်သတ္တပတ်များထက် ကူးစက်နှုန်း ခုနစ်ရာခိုင်နှုန်းမြင့်တက်ခဲ့
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့် လူနာတစ်ဦးကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့် လူနာတစ်ဦးကို တွေ့ရစဉ်
Published 5 March 2021
အိသဉ္ဇာကျော်

 ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၂၆ သိန်းကျော်ရှိခဲ့ပြီး ယခင်ရက်သတ္တပတ်များထက် ကူးစက်နှုန်း ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသော အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်ဖြစ်သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၂၆၅၈၈၂၃ ဦးရှိခဲ့ပြီး ယခင်ရက်သတ္တပတ်များထက် ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာသည့် နေရာဒေသများတွင် အဓိကအားဖြင့် အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် သီတင်းပတ်ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ်ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ်  မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁ ရက်၌ ပြောကြားခဲ့သည်။

WHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုကလည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းအပေါ် စိတ်ပျက်မိသော်လည်း အံ့သြခြင်းမရှိကြောင်းနှင့် နိုင်ငံများအနေဖြင့်လည်း ကပ်ရောဂါကို တိုက်ဖျက်ရာတွင် စည်းမျဉ်းများကို ဖြေလျှော့ခြင်းမပြုကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အပေါ် အပြည့်အဝမှီခိုပြီး ကန့်သတ်ချက်စည်းမျဉ်းများကို စွန့်ပယ်ရန် အလွန်စောလွန်းနေကြောင်း တက်ဒရိုကဆိုသည်။

“နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးအပေါ် အရမ်းမှီခိုလိုက်မယ်ဆိုရင် ဒါဟာအမှားကြီး ကျူးလွန်လိုက်တာပါပဲ။ အခြေခံပြည်သူ့ကျန်းမာရေးစည်းမျဉ်းတွေကို တုံ့ပြန်ဆောင်ရွက်ရေးရဲ့ အုတ်မြစ်အဖြစ် ဆက်လက်ထား ရှိရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

WHO ၏အရေးပေါ်ညွှန်ကြားရေးမှူး မိုက်ရိုင်ယန်ကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုနှစ်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အဆုံးသတ်သွားလိမ့်မည်ဟု ယူဆနေကြခြင်းသည် လက်တွေ့မကျကြောင်း မတ် ၁ ရက်၌ သတိပေးပြောကြားခဲ့သည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် အမြင့်ဆုံးဖြစ်သည့် အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်ကူးစက်မှုနှုန်း နှစ်ရာခိုင်နှုန်း လျော့ကျခဲ့သည်ကို တွေ့ရှိရသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ဒုတိယအမြင့်ဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ၂၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

အလားတူ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် တတိယအမြင့်ဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံတွင် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် မတ် ၄ ရက်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၉၀၀၀၀၀၀ ရှိပြီး ပိုးတွေ့သေဆုံးသူ ၅၃၀၀၀၀ ကျော်ရှိသည်။

WHO အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့နည်းစေရေး ဆက်လက်လုပ်ဆောင်ရန် အာရုံစိုက်နေပြီး ဗိုင်းရပ်စ်မျိုးကွဲသစ်များ၏ အရေးပေါ်အခြေအနေကို ကာကွယ်နိုင်ရန် ကူညီပေးသွားမည်ဖြစ်သည့်အပြင် ဖျားနာသူဦးရေလျော့ကျစေရန်လည်း လုပ်ဆောင်ပေးသွားမည်ဟု ရိုင်ယန်ကပြောကြားခဲ့သည်။

Most Read

Most Recent