ရာသီဥတုပြောင်းလဲခြင်းနှင့် ကျန်းမာရေးပြဿနာ

ရာသီဥတုပြောင်းလဲခြင်းနှင့် ကျန်းမာရေးပြဿနာ
Published 5 March 2021

ရာသီဥတုပြောင်းလဲခြင်းသည် ရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သောရောဂါများနှင့် ခြင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့သော ရောဂါများကဲ့သို့ လူတို့၏ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှုများ ရှိသကဲ့သို့ အစာရေစာငတ်မွတ်ခြင်းမှတစ်ဆင့်လည်း သွယ်ဝိုက်၍ သက်ရောက်မှုများရှိကြောင်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။ ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်အကြား ရာသီဥတုပြောင်းလဲမှုကြောင့် သေဆုံးနိုင်ခြေသည် တစ်နှစ်လျှင် ၂၅၀,၀၀၀ ခန့်ရှိနိုင်ပြီး ပျမ်းမျှအားဖြင့် ၃၈,၀၀၀ သည် အပူချိန်မြင့်မားမှုကြောင့် လည်းကောင်း၊ ၄၈,၀၀၀ သည် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်လည်း ကောင်း၊ ၆၀,၀၀၀ သည် ငှက်ဖျားရောဂါကြောင့်လည်းကောင်းနှင့် ၉၅,၀၀၀ သည် အာဟာရချို့တဲ့ခြင်းကြောင့်လည်းကောင်း သေဆုံးနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် ကျန်းမာရေးကြောင့် တိုက်ရိုက်ဆုံးရှုံးရမှုတန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံမှ လေးဘီလျံရှိမည်ဟုလည်း WHO က ပြောကြားခဲ့သည်။ ပြင်သစ်ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပက်ထရစ်ဟာလီမီက “ကမ္ဘာကြီးပူနွေးမှုကိုယ်နှိုက်က ဝမ်းရောဂါကူးစက်ပျံ့နှံ့မှုကို ဖြစ်စေတာမျိုးရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီးပူနွေးလာတဲ့ အပူချိန်တွေက သေစေနိုင်တဲ့ ရောဂါဖြစ်ပွားပျံ့နှံ့မှုကို အားပေးပါတယ်” ဟု ပြောကြားခဲ့သည်။ ပြင်သစ်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အမျိုးသားသုတေသနဌာနမှ ရောဘတ်ဘာရူကီကလည်း တကယ့်အခက်အခဲသည် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွင် ကမ္ဘာကြီးပူနွေးမှုပါဝင်နေသည့် အစိတ်အပိုင်းကို တိုင်းတာရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြင့်မားသော အပူချိန်များသည် အထူးသဖြင့် သက်ကြီးရွယ်ကြီးများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေသည်။

၎င်းအပြင် နေရောင်များ ပိုမိုကျရောက်ပါက အရေပြားကင်ဆာရောဂါကဲ့သို့သော ခရမ်းလွန်ရောင်ခြည်နှင့် ဆက်နွှယ်နေသည့် အန္တရာယ်များ ပိုမိုကျရောက်နိုင်သည်ဟု ဘာရူကီက ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုသည် ရေလွှမ်းမိုးမှုများနှင့် ဟာရီကိန်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရမှုများကိုလည်း ပိုမိုများပြားစေသည်ဟု ဆိုသည်။ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း မိုးလေဝသ အခြေအနေရပ်များနှင့် ဆက်နွှယ်သော သဘာဝဘေးဒုက္ခများကြောင့် သေဆုံးရမှုနှုန်းသည် သုံးဆတက်လာသည်ဟု WHO က ပြောကြားခဲ့သည်။ WHO က ယင်းဘေးဒုက္ခကပ်များကြောင့် နှစ်စဉ် လူပေါင်း ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်းနှင့် အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုသည် ခြင်ကဲ့သို့သော ကြားခံများကသယ်ဆောင်သည့် ကူးစက်ရောဂါများပျံ့နှံ့မှုကို အားပေးသည်ဟု ဟာလီမီက ပြောကြားခဲ့သည်။ WHO က ရာသီဥတု ပြောင်းလဲမှုသည် ကြားခံ သို့မဟုတ် သယ်ဆောင်ပေးသူကြောင့် ပျံ့နှံ့သော ကြားခံမှတစ်ဆင့်ဖြစ်ပွားသော ရောဂါ၏ ရာသီချိန်များ အကူးအပြောင်းကို ရှည်လျားစေနိုင်ဖွယ်ရှိကြောင်းနှင့် ပထဝီဝင်အနေအထားအရ ပျံ့နှံ့မှုအတိုင်းအတာကို ပြောင်းလဲစေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ WHO ၏ ပြောကြားချက်အရ ငှက်ဖျားရောဂါကြောင့် သေဆုံးရမှုသည် တစ်နှစ်လျှင် ၈၀၀,၀၀၀ ရှိကြောင်း သိရသည်။ ခြင်များသည် သေစေနိုင်သည့် သွေးလွန်တုပ်ကွေးရောဂါကိုလည်း ပျံ့နှံ့စေပြီး အချို့သော လေ့လာချက်များအရ ကမ္ဘာကြီးပူနွေးမှုသည် ၂၀၈၀ ပြည့်နှစ်သို့အရောက်တွင် နောက်ထပ်လူပေါင်း နှစ်ဘီလျံကို သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကျရောက်စေနိုင်ကြောင်း သိရသည်။ WHO က တရုတ်နိုင်ငံတွင် မဖွံ့ဖြိုးသေးသော ဒေသများစွာ၌ ခရုများမှတစ်ဆင့် ကူးစက်ပျံ့နှံ့သော Schistosomiasis အမည်ရှိ ရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့မှု တိုးပွားလာမည်ဟု ပြောကြားခဲ့ သည်။ ကမ္ဘာတစ်လွှား၌ လူပေါင်း သန်း ၂၄၀ ခန့်သည် Schistosomiasis ရောဂါကို ခံစားခဲ့ရပြီးဖြစ်သည်။

ပြင်သစ် အသက်ရှူလမ်းကြောင်းနှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ဆေးပညာအဖွဲ့အကြီးအကဲ ဘရူနိုဟောက်ဆက်က အထူးသဖြင့် ကမ္ဘာ့မြောက်ပိုင်းတွင်ဖြစ်ပွားသော ကမ္ဘာကြီးပူနွေးမှုကြောင့် တောမီးလောင်ခြင်း မြင့်တက်လာမှုသည် လေထုအတွင်း၌ သေးငယ်သော ပါတီကယ်အမှုန်အမွှားများ တိုးပွားလာစေနိုင်သည်ဟု ဆိုသည်။ ယင်းပါတီကယ် အမှုန်အမွှားများသည် အဆုတ်များအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အဆုတ်ကင်ဆာရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါတို့ကို ဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၃၀၀ ခန့်သည် ပန်းနာရင်ကျပ်ရောဂါကို ခံစားနေရပြီး အပူချိန်များ ဆက်လက်မြင့်တက်နေမှုများသည် ယင်းရောဂါ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားလာစေနိုင်ကြောင်း WHO က ပြောကြားခဲ့သည်။ ပို၍ပူနွေးသော အပူချိန်များသည် ဓာတ်မတည့်မှုဖြစ်အောင် လှုံ့ဆော်ပေးသည့် အပင်များပွားများမှုကို အထောက်အကူပြုနိုင်ဖွယ်ရှိပြီး ဥရောပတိုက်ရှိ လေထုအတွင်း ဝတ်မှုန်များပါဝင်မှုနှုန်းသည် ၂၀၅၀ ပြည့်နှစ်သို့အရောက်တွင် လေးဆအထိ တက်လာဖွယ်ရှိသည်ဟု ဆိုသည်။ အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာကြီးပူနွေးမှုသည် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတွင် လူအသေအပျောက်များသော ပဋိပက္ခများဖြစ်အောင် မီးထိုးပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်တားဆီးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးမှ ပြည်သူများအားလုံး ပူးပေါင်းပါဝင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်