ကိုယ်ကျင့်တရားစံ

ကိုယ်ကျင့်တရားစံ
Published 4 March 2021

“ကျွန်ုပ်တို့အားလုံး ဘူးအလွတ်ကြီးများအဖြစ် မွေးဖွားလာကြသူများ ဖြစ်ကြပြီး ကျွန်ုပ်တို့အား ကိုယ်ကျင့်တရားစံများက ပုံသွင်းနိုင်လေသည်”

ဂျယ်ရီစပရင်ဂျာ (၁၉၄၄ ဖွား) အမေရိကန် အသံလွှင့်သူ၊ ဂျာနယ်လစ်၊ သရုပ်ဆောင်သူ၊ ထုတ်လုပ်သူနှင့် ရှေ့နေ၊ နိုင်ငံရေးသမား (ဟောင်း)

လူတစ်ဦးချင်း၏ အပြုအမူ အမူအကျင့်များနှင့် ရွေးချယ်မှုများအပေါ် လွှမ်းမိုးကြီးစိုးသည့် ကောင်းမှုနှင့် မကောင်းမှုဆိုင်ရာ စံသတ်မှတ်ချက်များကို ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်များဟု ခေါ်ဆိုသည်။ လူတစ်ဦးချင်း၏ ကိုယ်ကျင့်တရား စံများသည် လူ့အဖွဲ့အစည်းနှင့် အစိုးရထံမှ ဆင်းသက်လာနိုင်သကဲ့သို့ ဘာသာရေးနှင့် မိမိကိုယ်တိုင်ထံမှလည်း ဖြစ်ပေါ်လာနိုင်သည်။ ကိုယ်ကျင့်တရား စံများသည် လူ့အဖွဲ့အစည်းနှင့် အစိုးရထံမှ ဆင်းသက်လာသည့်အခါ လူ့အဖွဲ့အစည်း၏ ဥပဒေများနှင့် ကိုယ်ကျင့်တရားစံများ ပြောင်းလဲသည့်အခါ လူတစ်ဦးချင်းသည်လည်း လိုက်၍ပြောင်းလဲရန် လိုအပ်၍လာသည်။

ကိုယ်ကျင့်တရား စံတန်ဖိုးများနှင့် ပတ်သက်၍ ဥပဒေများ ပြောင်းလဲခြင်းအတွက် ရိုက်ခတ်ချက်နှင့် ပတ်သက်၍ ဥပမာတစ်ရပ်မှာ “လက်ထပ်ခြင်းနှင့် လက်မထပ်ဘဲ အတူနေခြင်း” ကိစ္စဖြစ်သည်။ အနောက်တိုင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၌ပင် တရားဥပဒေနှင့်အညီ လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အတူနေသည့် စုံတွဲများကို ယခင်မျိုးဆက်များ၌ တွေ့ရခဲလှသည်။ ယခုခေတ်တွင် အထူးသဖြင့် အနောက်တိုင်း၌ လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အိမ်ထောင်ထူထောင်သည့် စုံတွဲများ အရေအတွက်က အစဉ်အလာအတိုင်း လက်ထပ်သည့် စုံတွဲများ အရေအတွက်ခန့် အထိပင် များပြားနေပြီဖြစ်သည်။ ယင်းကဲ့သို့ များပြားရုံသာမက ယင်းကို လက်ခံသော အခြားသူများပင်လျှင် ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ ပို၍ပို၍ များပြား၍ လာနေသည်။ အစောပိုင်း အနောက်တိုင်း လူ့အဖွဲ့အစည်း၌ ဥပဒေများနှင့် ကိုယ်ကျင့်တရားစံများသည် ရောမဥပဒေစနစ်မှ လာခြင်းဖြစ်ပြီး သမ္မာကျမ်းစာလာ ပညတ်တော် ၁၀ ပါးပေါ်၌ အကြီးအကျယ် အခြေခံထားသည်။ လူ့အဖွဲ့အစည်း တစ်ရပ်သည် ခေတ်သစ်သို့ ရွေ့လျားလာသည့်အခါ အစောပိုင်းက ရှိထားနှင့်ပြီးဖြစ်သော ကိုယ်ကျင့်တရား စံများသည် ပို၍ပို၍ ယိုယွင်း၍လာသည်။

ကိုယ်ကျင့်တရား စံများသည် လူတစ်ဦးချင်းမှနေ၍ ၎င်းတို့၏ ကိုယ်ပိုင်အားဖြင့်လည်း ဆင်းသက်၍ လာနိုင်သည်။ ယင်းကို အသက်ပို၍ကြီးသော ကလေးငယ်များနှင့် အလွန်ငယ်သော လမ်းလျှောက်ကာစ ကလေးများအားဖြင့် သရုပ်ဖော်ပြနိုင်သည်။ ကလေးတစ်ဦးကို အရာဝတ္ထုတစ်ခုအား အစောပိုင်း၌ ထိခြင်း သို့မဟုတ် ယူခြင်းမပြုရန် တားမြစ်ထားပါက ယင်းအရာဝတ္ထုအား မထိတွေ့မီ ၎င်းတို့အနေဖြင့် စောင့်ကြည့် ခံနေရသလားဟူ၍ စိုးရိမ်စိတ်ဖြင့် ဖြည်းညင်းစွာ လှမ်းကြည့်ရန် ကောင်းစွာ သိရှိသည်ကို တွေ့ရှိရသည်။ ယင်းအပြုအမူသည် သင်ကြားရန် မလိုအပ်ဘဲ ဗီဇစိတ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့သော်ကလေးများ၏ အမူအကျင့်ကို ပြုပြင်ရန်အတွက် စည်းမျဉ်းစည်းကမ်း ပုံစံတစ်မျိုးမျိုးကို ကျင့်သုံးလိုက်ပါက ကလေးသည် သူ၏ မှန်ကန်သော အမူအကျင့်ကို မှားယွင်းသော အမူအကျင့်မှနေ၍ ခွဲခြားနိုင်ရန် သူ၏ကိုယ်တွင်းမှ အရည်အသွေးကို ရရှိသွားမည်ဖြစ်သည်။ ထိုအခါ ကလေးသည် သူ၏ကိုယ်ပိုင်သိမှုအပေါ် အခြေခံလျက် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်လာနိုင်မည်ဖြစ်သည်။ ကလေးဘဝမှ အရွယ်ရောက်သည်အထိ လူတစ်ဦးချင်းက ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် တားမြစ်မှုနှင့် လက်ခံနိုင်မှု၊ ကြင်နာမှုနှင့် ရက်စက်ကြမ်းကြုတ်မှု၊ ရက်ရောမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ အကြား၌ ရှိနေသည်။ မည်သည့် အခြေအနေရပ်များ အောက်၌မဆို လူတစ်ဦးသည် တားမြစ်ထားသော အရာများကို ပြုလုပ်ရန် ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သည်။ သို့သော် ထိုသူသည် ကိုယ်ကျင့်တရားစံများ ပိုင်ဆိုင်ထားပါက ယင်းတို့ကို ဆန့်ကျင်ပြုမူရမည်ကို အပြစ်ရှိကြောင်း ခံစားရမည်သာ ဖြစ်သည်။

ထို့ကြောင့် မည်သူမဆို ဘဝ၌ အပြစ်ရှိကြောင်း မိမိကိုယ်မိမိ ခံစားရမှုများဖြင့် ပူလောင်နာကျင်စွာ နေထိုင်ရမည့် အရေးကို ရှောင်လွှဲလိုပါက မိမိလက်ခံထားပြီးဖြစ်သော ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များအတိုင်း နေထိုင်ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်