ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အထီးကျန် ထားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ဟု မြန်မာ့တပ်မတော်က ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ပြောကြား

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အထီးကျန် ထားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ဟု မြန်မာ့တပ်မတော်က ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ပြောကြား
Published 4 March 2021
Ref:Reuters

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အထီးကျန် ထားခြင်းတို့ကို ကြံ့ကြံ့ခံသွားရန် အဆင်သင့် ဖြစ်နေသည်ဟု မြန်မာ့တပ်မတော်က ပြောဆိုကြောင်း မတ် ၃ ရက်တွင် မြန််မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်းရှရိန်နာ ဘာဂီနာက ထုတ်ဖော်ပြောကြားသည်။

မြန််မာနိုင်ငံတွင် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန် နိုင်ငံများက အလွန်ပြင်းထန်သော အစီအမံများ ချမှတ်ကြရမည်ဟု ၎င်းကတိုက်တွန်းခဲ့သည်။

အာဏာလွှဲယူ ခဲ့ပြီးနောက်ပိုင်း တပ်မတော်က ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့သဖြင့် မတ် ၃ ရက်တွင် ၃၈ ဦး သေဆုံးခဲ့သည်ဟု ခရစ္စတင်းရှရိန်နာ ဘာဂီနာပြောကြားခဲ့ပြီး ယင်းနေ့သည် သွေးထွက်သံယို အများဆုံး ဖြစ်ခဲ့သောနေ့ ဖြစ်သည်ဟု ၎င်းကဆိုသည်။ 

ခရစ္စတင်းရှရိန်နာသည် မတ် ၅ ရက်တွင် လုံခြုံရေးကောင်စီကို အစီရင်ခံရမည် ဖြစ်သည်။

တပ်မတော်က အာဏာလွှဲပြောင်းယူကာ ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်ပါတီ (NLD) ၏ခေါင်းဆောင်ပိုင်း အများစုကို ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ပရမ်းပတာ အခြေအနေ ဖြစ်နေခဲ့သည်။

NLD သည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် သောင်ပြို ကမ်းပြို အနိုင်ရခဲ့သော်လည်း ယင်းရွေးကောက်ပွဲသည် မဲမသမာမှု ရှိခဲ့သည်ဟု တပ်မတော်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ကမူ ရွေးကောက်ပွဲသည် မျှတမှုရှိသည်ဟု တုံ့ပြန်ထားသည်။

ခရစ္စတင်း ရှရိန်နာဘာဂီနာက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စကားပြောခဲ့ရာတွင် အာဏာလွှဲပြောင်းယူမှုကို လက်တုန့်ပြန်ခံရသည့် အနေဖြင့် တပ်မတော်သည် နိုင်ငံတချို့ထံမှ ပြင်းထန်သော အရေးယူမှုများနှင့် အထီးကျန်ထားခြင်းတို့ကို ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။

“ကျွန်တော်တို့ဟာ ဒဏ်ခတ်အရေးယူ တာတွေကို ကျင့်သားရနေပါပြီ။ ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါလို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖြေခဲ့တယ်” ဟု ခရစ္စတင်း ရှရိန်နာဘာဂီနာက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အထီးကျန်ထားခြင်း ခံရမည်ဟု ရှရိန်နာဘာဂီနာက သတိပေးသည့်အခါ  “ကျွန်တော်တို့ဟာ မိတ်ဆွေ နည်းနည်းနဲ့ လမ်းလျှောက်တာကို သင်ယူမှာပါ” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖြေကြားခဲ့သည်ဟု ခရစ္စတင်း ရှရိန်နာဘာဂီနာက ဆိုသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် အနောက်နိုင်ငံများသည် တပ်မတော်နှင့် တပ်မတော်၏ စီးပွားရေး မဟာမိတ်များ အကျပ်အတည်း တွေ ့စေရန် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကို ချမှတ်ခဲ့သည် သို့မဟုတ် စဉ်းစားသုံးသပ်လျက် ရှိကြသည်။

အဖွဲ ့ဝင် ၁၅ နိုင်ငံပါသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ခြင်းကို စိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း ရုရှားနှင့် ဖြစ်စဉ်များသည် မြန်မာ့ပြည်တွင်းရေး ဖြစ်သည်ဟု ပြောကြားခဲ့သော တရုတ်တို့က အတိုက်အခံ လုပ်ခဲ့သဖြင့် လွန်ခဲ့သောလက အာဏာ လွှဲပြောင်းယူမှုကို ပြစ်တင်ရှုံ့ချခဲ့ခြင်း မရှိခဲ့ပေ။

လုံခြုံရေးကောင်စီ အနေဖြင့် ထုတ်ပြန်ချက် ထုတ်သည်ကလွဲ၍ တစ်စုံတစ်ရာ အရေးယူတာမျိုး ဖြစ်လာဖွယ်မရှိဟု သံတမန်များက ပြောကြားသည်။

“ဒါဟာ ပြည်တွင်းရေး ကိစ္စတင် မဟုတ်ပါဘူး။ ဒေသရဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်စေတယ် ဆိုတာကို သူတို့ အသိအမှတ် ပြုမယ်လို့ ကျွန်မမျှှော်လင့်ပါတယ်” ဟု တရုတ်၊ ရုရှားတိုနှင့် ပတ်သက်၍ ရှရိန်နာဘာဂီနာက ပြောကြားခဲ့သည်။

 

Most Read

Most Recent