ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ပါတီဝင်ငါးဦးကို ပါတီမှ နုတ်ထွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း KSPP ပါတီထုတ်ပြန်

ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ပါတီဝင်ငါးဦးကို ပါတီမှ နုတ်ထွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း KSPP ပါတီထုတ်ပြန်
Published 4 March 2021

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ပါတီဝင်ငါးဦးကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က မတ် ၃ ရက်တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ပါတီဒုတိယဥက္ကဋ္ဌ (၄) ဒေါ်ဘောက်ဂျာ အပါအဝင် ငါးဦးကို ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့်  ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ပါတီမှ နုတ်ထွက်ခွင့်ပြုထားပြီးဖြစ်သည်ဟု KSPP ပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုမှုနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မှု မရ၍ သီးခြားမှတ်ချက်ရရှိခြင်း မရှိပေ။

KSPP ပါတီထုတ်ပြန်ချက်အရ ပါတီဒုဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ အပါအဝင် ဦးအလေးပါး၊ ဦးဘရန်အောင်၊ ဦးဘောမ်ကျန်း၊ ဒေါ် MD ခေါညွယ်တို့ကို ပါတီမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အသိအမှတ်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ပြည်နယ်ကောင်စီနှင့် ဆန္ဒပြလူထုကြား ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းများ ပြုလုပ်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ (ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ) ကတော့ ကျွန်မတို့ ကချင်လူငယ်သားတွေ၊ သမီးတွေ သွေးထွက်သံယိုမဖြစ်ဖို့၊ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ဘဝ လုံခြုံရေးနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆက်ကောင်းလာဖို့ အကောင်းဆုံးဖြစ်လာဖို့ လိုလားလို့ ဒီလိုဖွဲ့စည်းတာလို့ ပြောတယ်” ဟု ကချင်ပြည်နယ် ညှိနှိုင််းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ဒေါ်ဘောက်ဂျာက ဖေဖော်ဝါရီ ၂၃ ရက်တွင် RISE News သတင်းဌာနကို ပြောကြားထားသည်။

Most Read

Most Recent