မတ် ၁ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၃၀ ခန့်ရှိကြောင်း AAPP ထုတ်ပြန်

မတ် ၁ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၃၀ ခန့်ရှိကြောင်း AAPP ထုတ်ပြန်
Published 2 March 2021

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂၁၃ ဦးရှိပြီး သေဆုံးသူ ၃၀ ခန့်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

၎င်းတို့အနက် ထောင်ဒဏ်ချမှတ်ခံရသူ လေးဦး၊ အမှုဖွင့်ဖမ်းဝရမ်းထုတ်ခြင်းခံထားရသူ ၆၁ ဦးနှင့် ပြန်လည်လွတ်မြောက်သူ ၃၀၀ ရှိ၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ အရေအတွက်မှာ မတ် ၁ ရက်အထိ ၉၁၃ ဦး ဖြစ်ကာ သေဆုံးသူ ၃၀ ခန့်ရှိကြောင်း AAPP မှတ်တမ်းများအရ သိရသည်။

“အရင်က နယ်တွေမှာ ဖြိုခွင်းမှုတွေ လုပ်တယ်။ အခုက ရန်ကုန်မှာ ဖြိုခွင်းမှုတွေ လုပ်လာတယ်။ လုပ်လာတဲ့အခါမှာလည်း မတရားသဖြင့် ညှင်းပန်းနှိပ်စက်ပြီး ဖမ်းဆီးတဲ့ကိစ္စတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဖမ်းမိသွားတဲ့သူကို ကားပေါ်ကို အတင်းကန်ပြီးတော့ တင်တာတို့၊ လမ်းမှာ ရိုက်တာတို့။ ဒီကိစ္စတွေက တကယ့်ကို မတရားညှင်းပန်း နှိပ်စက်မှု ဖြစ်တယ်ပေါ့နော်။ လူတစ်ယောက်ကို ဖမ်းမိသွားပြီဆိုရင် အဲဒီလူက ခုခံတာ ဘာညာ မရှိဘူးဆိုရင် ဘာမှအကြမ်းဖက်စရာမလိုအပ်ဘူး။ ဒါကို သူတို့ မတရားသဖြင့် ညှင်းပန်းနှိပ်စက်ပြီး ဖမ်းတာတွေ ကျွန်တော်တို့ တွေ့ရတယ်” ဟု AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

ရန်ကုန်ရှိ ဆန္ဒပြလူထု အဓိကစုဝေးရာ မြေနီကုန်း၊ လှည်းတန်း အပါအဝင် မြို့နယ် အသီးသီးတွင် ဖြစ်ပွားလျက်ရှိသည့် ဆန္ဒထုတ်ဖော်မှုများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးနှင့် အချို့နေရာများတွင် ဖြိုခွဲမှုများကြောင့် သေဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ဒေသအများစုတွင် ဆန္ဒြုပလူထုစစ်ကြောင်းများ စတင်မထွက်ခွာမီမှာပင် ဖြိုခွဲမှုများ ပြုလုပ်ခဲ့ရာ နေ့စဉ်ဆန္ဒပြ ပြည်သူရာဂဏန်းဝန်းကျင်နှင့် သတင်းရယူလျက်ရှိသည့် သတင်းထောက်အချို့ပါ ဖမ်းဆီးခံရခြင်းများရှိနေသည်။

ယခုကဲ့သို့ ဖြိုခွဲနှိမ်နင်းမှုများသည် ဂျီနီဗာသဘောတူညီချက်အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတို့နှင့် ရှင်းလင်းစွာဆန့်ကျင်နေပြီး ညှင်းပန်းနှိပ်စက်မှုကို ကျူးလွန်းနေခြင်းဖြစ်သည်ဟု AAPP က ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မတ် ၁ ရက်က ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်တိုးတရားစွဲခြင်းများက နိုင်ငံရေး သြဇာရှိပြီး ပြည်သူထောက်ခံမှုကိုရရှိသည့် နိုင်ငံ့ခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နိုင်ရန် ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထုတ်ပြန် ကြေညာချက်များ ထုတ်ပြန်နေရုံဖြင့် မလုံလောက်တော့ကြောင်း၊ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent