အရှေ့တောင်အာရှ နိုင်ငံအချို့က သံတမန်ရေးရာ အစဉ်အလာအချို့ကို ချိုးဖောက်လျက် ပုံမှန် မဟုတ်သည့် ပြင်းထန်သော ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများကို အဆုံးသတ်ရေးအတွက် မတ် ၂ ရက်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ဖိအားပေးမှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
တပ်မတော်က အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်ပြီးနောက် စတင်ခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများက လက်ရှိ မြန်မာအစိုးရ၏ ကိုယ်စားလှယ်တစ်ဦးနှင့် ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ တိုတောင်းသော ဒီမိုကရေစီ ကျင့်သုံးသည့်ကာလ အဆုံးသတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ပြစ်တင်ရှုတ်ချမှုများကို ဖြစ်စေလျက် နိုင်ငံအနှံအပြား၌ ဆန္ဒပြမှုများ ဖြစ်ပွားကာ လုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်စွာနှိမ်နင်းမှု မြင့်တက်၍ လာခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အကြမ်းဖက်မှုသည် အဆိုးရွားဆုံး ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံတစ်လွှားရှိ မြို့ကြီးများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ရာ ၁၈ ဦးထက်မနည်း သေဆုံးကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက မစွက်ဖက်ရေးမူဝါဒကို အဖွဲ့ဝင်နိုင်ငံများက ကိုင်စွဲထားပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့သည် ပဋိပက္ခများကြုံရတိုင်း အရေးယူဆောင်ရွက်မှု မရှိခြင်းအတွက် ကာလကြာရှည်စွာကတည်းက ဝေဖန်မှုများ ခံခဲ့ရသည်။
သို့သော် အာဆီယံ အဖွဲ့ထဲမှ သြဇာအရှိဆုံး နိုင်ငံအချို့သည် မကြာသေးမီ ရက်များအတွင်းက မြန်မာတပ်မတော်အပေါ် ဝေဖန်မှုများ ထုတ်ပြန်ခဲ့သည်။
“အရပ်သားတွေအပေါ် သေစေနိုင်တဲ့ အင်အားသုံး အသုံးပြုမှုနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ တုန်လှုပ်ချောက်ချားမိပါတယ်” ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က မတ် ၁ ရက်တွင် စင်ကာပူ ပါလီမန်၌ ပြောကြားခဲ့သည်။
“အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မြန်မာတပ်မတော် အာဏာပိုင်တွေကို ကျွနု်ပ်တို့ တောင်းဆိုပါတယ် ” ဟုလည်း ၄င်းက ပြောကြားလျက် ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးကို တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ချမ်းသာကြွယ်ဝသည့် စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများအပေါ် သြဇာတစ်စုံတစ်ရာ ရှိခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အာဆီယံအဖွဲ့အတွင်း အကြီးဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကလည်း ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုခြင်းဖြင့်လည်းကောင်း လက်ရှိမြန်မာအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်မြို့၌ တွေ့ဆုံရန် ၄င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခြင်းဖြင့်လည်းကောင်း ဖိအားပေးခဲ့သည်။
အွန်လိုင်းဆွေးနွေးမှုကို စင်ကာပူ စံတော်ချိန် ညနေ ၄ နာရီ၌ စတင်ရန် စီစဉ်ထားပြီး နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ၄င်းတို့သည် မြန်မာတပ်မတော် အနေဖြင့် လူထုအပေါ် တိုက်ခိုက်မှုများနှင့် အကြမ်းဖက်များကို ရပ်တန့်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အပါအဝင် ဘက်အားလုံးနဲ့ အပြန်အလှန်ဆွေးနွေးမှုတစ်ရပ် လုပ်ဖို့လည်း အာဆီယံက မြန်မာတပ်မတော်ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု အာဆီယံ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
သို့သော် လေ့လာသူများက အာဆီယံ၏ မစွက်ဖက်ရေးမူဝါဒများနှင့် အများသဘောတူညီမှုအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်များကို ထောက်ပြလျက် အာဆီယံအနေဖြင့် ခြားနားသော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။
သာမာန်ပြည်သူများအပေါ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ကျယ်ပြန့်သည့်ပိတ်ဆို့မှုများ ပြုလုပ်ရန်မလိုအပ်ဟု ထင်မြင်မိကြောင်း စင်ကာပူနိုင်ငံက ပြောကြားခဲ့ပြီးဖြစ်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကဲ့သို့သော အာဆီယံနိုင်ငံများစွာတို့တွင်လည်း ၄င်းတို့ကိုယ်တိုင် အာဏာရှင်အစိုးရများ ရှိနေသောကြောင့် အမှန်တကယ်အရေးယူများကို ပိတ်ဆို့သွားဖွယ် ရှိနေသည်။
နိုင်ငံတကာရေးရာ စင်ကာပူအင်စတီကျုမှ လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သော အိုအိဆန်က အာဆီယံအဖွဲ့ထံမှ ပြင်းထန်စွာ ပြောကြားမှုထက်ပို၍ ဘာမျှ မျှော်လင့်နိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။
“ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့လို နိုင်ငံတွေမှာ ဆက်လက်ရှင်သန်နိုင်ရေး စိုးရိမ်နေရတဲ့ အာဏာရှင်အစိုးရတွေ ရှိနေပါတယ်။ ဒါကြောင့် ကြားဝင်ဖို့ အကြံပြုချက်နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ စိတ်အားထက်သန်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ပြီးတော့ သူတို့အပေါ် အလားတူ ကြားဝင်စွက်ဖက်မှုေ တွ ဖြစ်လာမှာကို သူတို့ လိုလားမှာ မဟုတ်ပါဘူး” ဟုလည်း ၄င်းက ပြောကြားခဲ့သည်။














